မင်းတပ်မှာ စစ်ကောင်စီ လူသားဒိုင်း သုံးလာတာကြောင့် CDF ထိုးစစ်တွေ ရပ်နားထား

တိုက်ပွဲအတွင်း စစ်ကားတချို့ကို CDFအဖွဲ့က မီးရှို့ဖျက်စီးခဲ့ပြီး စစ်တပ်ဘက်က သေဆုံးသူ ၃၀ ဦးလောက်ရှိတယ်လို့ CDF အဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေကို စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ် အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF ကို ပြန်လည်ခုခံ တိုက်ခိုက်နေတယ်လို့ CDF အဖွဲ့ဝင်တွေက RFA ကိုပြောပါတယ်။

ဒီလိုအရပ်သားတွေကို လူသားဒိုင်းအဖြစ်သုံးပြီး စစ်တပ်ဘက်က ပြန်တိုက်နေတာကြောင့် CDF အဖွဲ့က မေလ ၁၅ ရက် မနေ့ညပိုင်းကစပြီး ထိုးစစ်ဆင်တာတွေ ခေတ္တနောက်ဆုတ်ထားတယ်လို့ CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ပြည်သူတွေကို ဖမ်းဆီးပြီးတော့မှ လူသားဒိုင်းသဖွယ်အသုံးပြုနေပြီး တွေ့ရာလည်းလိုက်ဖမ်းနေတယ်။ ကျွန်တော်တို့က လူထုအထိနာမှာ ဆိုလို့ ကျွန်တော်တို့က အခု ရှောင်ပေးလိုက်တာ၊ အမျိုးသမီးတွေကိုလည်းဖမ်းတယ်။ ပြည်သူတွေရဲ့အိမ် တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တယ်။ နောက်ပြီးတော့ စေတီပုထိုးတွေကိုလည်း ပစ်တယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်’’ လို့ CDFအဖွဲ့ဝင်တစ်ဦးက မနေ့ညက RFAကို ပြောပါတယ်။

လတ်တလောမှာ CDF အဖွဲ့ဝင်တွေအပါအဝင် ဒေသခံပြည်သူ ၁၅ ယောက်ထက်မနည်းဖမ်းဆီးခံထားရပြီး နောက်ထပ်လိုက်လံဖမ်းဆီးနေလို့ ထွက်ပြေးနေရတယ်လို့လည်းဆိုပါတယ်။ ဒီနေ့ မင်းတပ်မှာ တိုက်ပွဲတွေမရှိပါဘူး။

စစ်တပ်နဲ့ CDF မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၁၂ရက်နေ့ကနေ မေ၁၅ရက်နေ့ ညနေပိုင်းအထိ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး CDF ဘက်က ၇ ဦး သေဆုံးတယ်လို့ဆိုပါတယ်။

“အနောက်ဘက်က စစ်မျက်နှာနဲ့ ကျွန်တော်တို့ အားလုံးပေါင်းသေတာ အခုချိန်ထိ ၇ယောက်ဖြစ်မယ်ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်” လို့ မင်းတပ်CDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

တိုက်ပွဲအတွင်း CDFအဖွဲ့က စစ်ကားတချို့ကို မီးရှို့ဖျက်စီးခဲ့ပြီး စစ်တပ်ဘက်က သေဆုံးသူ ၃၀ ဦးလောက်ရှိတယ်လို့ CDF အဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

“အတိအကျတော့ ကျွန်တော်တို့ပြောလို့မရဘူးနော်။ အစောဆုံးတိုက်ပွဲမှာတော့ သူတို့က ၁၅ ယောက်၊ ၂၀လောက်ကျတယ်ပေါ့နော်။ ဒီကြားမှာဖမ်းမိပြီးမှ ဒဏ်ရာရပြီးတော့မှ ဆုံးသွားတာ သူတို့လည်း မရှိပါဘူး ဆိုရင် သုံးဆယ်လောက်ကျော်မယ်။ အတိအကျတော့ ကျွန်တော်တို့လုံးဝပြောလို့မရဘူး။ တချို့ဆို ဒဏ်ရာရ ပြီး တောထဲမှာသေသွားတာ တွေရှိတယ်ဗျ။ ကျွန်တော်တို့ ကားပေါ်မှာ သေတဲ့အလောင်းတွေဆိုရင် ရေလို့ ရတယ် ကျွန်တော်တို့ ခန့်မှန်းဆိုတာ ပြောလို့ရမယ်။”

စစ်ကောင်စီတပ်သား ၃၀ ယောက်ကျဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

မင်းတပ်ကို စစ်လေယာဉ် ၆ စီးနဲ့ စစ်ကောင်စီတပ်သားတွေမနေ့က ထပ်မံ စစ်အင်အားဖြည့်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုန်းလမ်းကနေ စစ်တပ်က တိုက်ခိုက်လာတာတွေကို CDF အဖွဲ့က ခုခံကာကွယ်နိုင်ပေမယ့် ရဟတ်ယာဉ်နဲ့ စစ်လက်နက်ကြီးတွေသုံးပြီး လေကြောင်းက တိုက်ခိုက်တာတွေကိုတော့ မကာကွယ်နိုင်ခဲ့ဘူးလို့ CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

‘သူတို့ဟတ်စကီးကို လှမ်းထုနိုင်တဲ့ လက်နက်တွေရှိမှမရှိတာ။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး ဘက်ကတော့ ထိုင်ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး၊မနက်ကလည်း ၆စီးဆင်းပြီး လက်နက်ကြီးတွေနဲ့ မင်းတပ်မြို့ထဲကိုထုနေတယ်”

မင်းတပ်မြို့ကို စစ်ကောင်စီဘက်က လက်နက်ကြီးအမြှောက်တွေ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေပေမယ့် CDF အဖွဲ့ဘက်ကတော့ ချင်းရိုးရာ တူမီးသေနတ်နဲ့သာ မြို့ကို ခုခံကာကွယ်နေ တာဖြစ်ပါတယ်။

မင်းတပ်အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာတော့ မင်းတပ် CDF အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ဆက်သွယ်ပြီးအကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။

CDF အဖွဲ့က ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ပြန်ပစ်ခတ်ခဲ့တာလို့လည်းဆိုပါတယ်။

မင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးရှိတာကို ဖော်ပြထားပေမယ့် ဘယ်နှယောက်ကျဆုံးလည်းဆိုတာ မဖော်ပြပါဘူး။

မင်းတပ်က တိုက်ပွဲမှာ ဖမ်းဆီးခံထားရတဲ့သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ RFA က အမြဲဖုန်းဆက်သွယ်ပေမယ့် လုံးဝလက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးက မင်းတပ်မြို့ကဒေသခံအရပ်သားတွေကို စစ်ကောင်စီဘက်က စစ်လက်နက်တွေ အသုံးပြုပြန်လည်တိုက်ခိုက်နေတာကို ရှုတ်ချကြောင်း မနေ့ညနေက ကြေညာချက်ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က မင်းတပ်မှာ ဖမ်းဆီးခံရသူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာကို ရှုတ်ချကြောင်း မနေ့ပိုင်းမှာ ထုတ်ပြန်ပါတယ်။ မင်းတပ်က ဒေသခံတွေ လိုအပ်တဲ့ အကူအညီရနိုင်ဖို့ အမြန်ဆုံး အကူအညီပေးနိုင်ရေး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org