မင်းတပ်မြို့ကို စစ်ကောင်စီက ပိတ်ဆို့ပြီး စားနပ်ရိက္ခာ ဖြတ်တောက်ထား
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်စီးခဲ့ပြီးတဲ့နောက် မြို့အဝင်အထွက်ကို တင်းကျပ်ထားပြီး မကြာခဏ ခြိမ်းခြောက်ပစ်ခတ်နေတဲ့အတွက် သက်ကြီးရွယ်အိုကလွဲလို့ အရွယ်ကောင်းတဲ့သူတွေ တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့အတွက် မြို့ပျက်တော့မလို ဖြစ်နေပါတယ်။
-
နေရိန်ကျော် (ဝါရှင်တန် ဒီစီ)
2021-05-18 -
-
-
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်စီးခဲ့ပြီးတဲ့နောက် မြို့အဝင်အထွက်ကို တင်းကျပ်ထားပြီး မကြာခဏ ခြိမ်းခြောက် ပစ်ခတ်နေတဲ့အတွက် သက်ကြီးရွယ်အိုကလွဲလို့ အရွယ်ကောင်းတဲ့ သူတွေ တောတောင်တွေထဲ ပုန်းအောင်းနေရတဲ့အတွက် မြို့ပျက်တော့မလို ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ စစ်ကောင်စီရဲ့တပ်တွေက လေကြောင်းကူနဲ့ပါ အပြင်းအထန်တိုက်ခဲ့ပြီး စစ်အင်အား ပြည့်ချထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ မြို့နေလူဦးရေရဲ့ ထက်ဝက်ကျော် တောတောင်တွေထဲ ထွက်ပြေးနေရသလို၊ စစ်တပ်က သူတို့ကို ဖြတ်လေးဖြတ် ပုံသဏ္ဍာန် ဆောင်ရွက်နေတဲ့ အတွက် ပြည်သူတွေ အခက်အခဲဖြစ်နေပါတယ်။
မြို့ထဲက ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် စာသင်ကျောင်းနဲ့ နေရာ တော်တော်များများမှာ စစ်တပ်က တပ်စွဲထားပြီး မြို့ထဲမှာ မကြာခဏ သေနတ် ပစ်ဖောက်နေတာကြောင့် မေလ ၁၇ ရက် မနေ့ကဆိုရင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လည်ပင်းမှာ ကျည်ဆံထိမှန်ခဲ့ပါတယ်။ သူ့ကို စစ်တပ် အရာရှိတစ်ဦးက ဦးဆောင်ဆေးကုပေးခဲ့ပြီး ဒီနေ့မှာတော့ ပခုက္ကူဆေးရုံကို ပို့လိုက် တယ်လို့လည်း သိရပါတယ်။
မင်းတပ်မြို့ပေါ်မှာ လူဦးရေ တစ်သောင်းကျော်လောက် နေထိုင်တယ်လို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲစာရင်း ပြုစုထားတဲ့အချက်အလက်အရ သိရပါတယ်။ အခုတော့ သက်ကြီးရွယ်အိုတွေကလွဲလို့ မြို့ကိုစွန့်ပြီး တောတောင်တွေထဲ ပုန်းအောင်းနေရတာ အယောက် ၅ ထောင်ကျော်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စည်ပင်ဝန်ထမ်းတွေလည်း တောတောင်ထဲထွက်ပြေးနေရလို့ မြို့ပေါ် ရေပေးဝေရေး လုပ်ပေးမယ့်သူ မရှိဘဲ ရေပြတ်လပ်တဲ့အခက်အခဲလည်း ဖြစ်နေတယ်လို့ပြောကြပါတယ်။
အခုဆိုရင် တောတောင်တွေထဲမှာ တိမ်းရှောင်နေရတဲ့သူတွေ အစားအသောက်၊ ဆေးဝါး လိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကလိုအပ်ချက်ကတော့ စားဝတ်နေရေး၊ လောလောဆယ် စားစရာပေါ့နော်။ စားနပ်ရိက္ခာပေါ့ တောထဲမှာ ရှောင်ပုန်းနေရတယ်။ လူတွေအများကြီး ရှိတယ်။ တောထဲမှာပဲ ကလေးမွေးနေရတဲ့သူတွေ ချက်ပြုတ်စားသောက်၊ ပုန်းခိုနေရတဲ့သူတွေ စသဖြင့်ပေါ့။ အဲလိုမျိုးလူတွေ အရှေ့မြောက်ဘက်ခြမ်းမှာ အယောက် ရှစ်ရာဝန်း ကျင်ရှိမယ်။ တောထဲမှာ ပုန်းနေတဲ့သူတွေ တောထဲမှာ စားစရာပြတ်လို့ မြို့ထဲကို ပြန်သွားတဲ့ကလေးတွေ တချို့ကလေးတွေ အဖမ်းခံရတယ်။ ရွာနီးချုပ်စပ် တောတွေထဲမှာ ပုန်းနေတဲ့ လူတွေကလည်းဘဲ မြို့ပေါ်ကို ရိက္ခာတွေ ပြန်သွားယူဖို့က အရမ်းအခက်အခဲ ဖြစ်တယ်။ တွေ့တာနဲ့ အဖမ်းခံရတယ်။ တွေ့တာနဲ့ အပစ်ခံရတယ်ပေါ့နော်။”
မင်းတပ်မှာ စစ်တပ်ကို ဘယ်လိုညွှန်ကြားဆောင်ရွက်နေလဲဆိုတာသိရအောင် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်ကောင်စီရဲ့တပ်သားတွေကို နေရာအသီးသီးက တိုက်ခိုက်တာကြောင့် သေဆုံးသူစာရင်းကို ထပ်မံ ရရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကနေတဆင့်၊ စစ်ကောင်စီတပ်တွေကို ရိုးရာ တူမီး သေနတ်တွေနဲ့ ခုခံတော်လှန်လာတဲ့ ချင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ် CDF တို့အကြား မေလ ၁၂ ရက် ကနေ ၁၅ ရက်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
မေလ ၁၄ ရက်နေ့က စစ်ကောင်စီဘက်က မင်းတပ်မြို့ကိုတက်လာတဲ့ တပ်သားအပြည့်ပါတဲ့ စစ်ကား ခြောက်စီးကို CDF ဘက်က တိုက်ခိုက်လိုက်ပါတယ်။ အဲဒီကစပြီး မင်းတပ်မြို့ကို ရဟတ်ယာဉ် ခြောက်စီးနဲ့ စစ်အင်အားတွေ ထပ်ဖြည့် လက်နက်ကြီးအမြှောက်တွေ၊ စက်သေနတ်တွေနဲ့ တပ်အင်အား တစ်ထောင် လောက်နဲ့ တိုက်ခိုက်လာတယ်လို့ CDF အဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၁၆ ယောက် ကိုလည်း စစ်တပ်က လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး မေလ ၁၅ ရက် ညနေပိုင်းမှာ မင်းတပ်မြို့ထဲဝင်ခဲ့လို့ သူတို့အဖွဲ့က နောက်ဆုတ်ပေးခဲ့ရတယ် လို့ CDF အဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီရက်တွေအတွင်း စစ်တပ်ဘက်က သေဆုံးတာတွေရှိခဲ့သလို၊ CDF အဖွဲ့ဘက်က သေဆုံးတဲ့ လူငယ် ကိုးယောက်ထိ ရှိနေတယ်လို့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၆ နှစ်အရွယ်ကနေ ၃၀ ကြား ကျောင်းသားတွေဖြစ်တယ်လို့ CDF အဖွဲ့ဝင်က ပြောပါတယ်။ သူတို့ဟာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိခိုက်ပြီး သေဆုံးရတာလို့လည်း ပြောပါတယ်။
မေ ၁၃ ရက်နေ့တိုက်ပွဲမှာ သေဆုံးသွားတဲ့ CDF အဖွဲ့ဝင် မောင်ထန်းဟုန်းထန်းရဲ့ ဦးလေး က RFA ကို အခုလိုပြောပြပါတယ်။
“အခုက ကျွန်တော်တို့ တိုက်ပွဲကပြောမယ်ဆိုရင် ကျဆုံးသွားတဲ့ ရဲဘော်တွေအားလုံးက ၂၅ နှစ်ကျော်တွေ တစ်ယောက်မှ မပါဘူး။ ပထမဆုံးတိုက်ပွဲမှာ ကျဆုံးသွာတဲ့ ကောင်လေးက ၁၇ နှစ်ပဲရှိတယ်။ ကျွန်တော့်ရဲ့ တူအရင်းပဲ။ ကျွန်တော့်အစ်မရဲ့သားပေါ့နော်။ ဒီအရွယ်မှာ ကျောင်းတက်ရမယ့် အရွယ်မှာ အာဏာရှင်ကို တော်လှန်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ။ အားလုံး လူငယ်တွေ။ တချို့ဆို တက္ကသိုလ်ကျောင်း တက်နေတဲ့အရွယ်တွေ။ အရွယ်ကောင်းတဲ့ဘဝတွေ အာဏာရှင် ကျဆုံးဖို့ တိုက်ပွဲဝင်နေရပါတယ်။”
ချင်း လူ့အခွင့်အရေးအဖွဲ့(Chin Human Right Organization) ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇအှပ်လိန်း စစ်ကောင်စီက အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်နေတာဟာ နိုင်ငံတကာဥပဒေတွေ အပေါ်ချိုးဖောက်နေတာပဲလို့ ဝေဖန်ပါတယ်။
အခုလက်ရှိမှာ အရပ်ဘက်အဖွဲ့တွေက မြို့တွင်းထဲကို ဝင်ခွင့်ရဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင် ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
မင်းတပ်မြို့ဟာ လက်ရှိကာလမှာ မြို့ပေါ်မှာ တိတ်ဆိတ်နေပြီး တောတောင်တွေထဲ ပုန်းခိုနေရတဲ့ မြို့လူထု အိမ်ပြန်နိုင်အောင် ပြန်လည်တိုက်ပွဲဝင်နိုင်ဖို့အတွက် စားနပ်ရိက္ခာအကူအညီတွေ ပေးဖို့လိုအပ်တယ်လို့ CDF အဖွဲ့ဝင်တွေက ပန်ကြားပါတယ်။