ဟားခါး တိုက်ပွဲမှာ စစ်တပ်ဘက်က ငါးဦးကျတယ်လို့ CDF ပြော
ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ခိုက်မှုတွေပြင်းထန်နေတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ မနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ငါးဦးကျဆုံးခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာလည်း တရုတ်နယ်စပ်ဘက်ကနေလာတဲ့ စစ်ကောင်စီရဲ့ ဆီဘောက်ဆာကားအချို့ကို မနေ့ကနဲ့ ဒီနေ့ မနက်တွေက ဖျက်ဆီးလိုက်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြောပါတယ်။
-
အေးအေးမွန်(အော်စလို)
2021-05-18 -
-
-
ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ခိုက်မှုတွေပြင်းထန်နေတဲ့ ချင်းပြည် နယ် ဟားခါးမြို့မှာ မနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ငါးဦးကျဆုံးခဲ့သလို ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာလည်း တရုတ်နယ်စပ်ဘက်ကနေလာတဲ့ စစ်ကောင်စီရဲ့ ဆီဘောက်ဆာကားအချို့ကို မနေ့ကနဲ့ ဒီနေ့မနက်တွေက ဖျက်ဆီးလိုက်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြောပါတယ်။
စစ်တပ်နဲ့ ဒေသပြည်သူ့ကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ မနေ့ည ၇ နာရီကျော်လောက်က နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ငါးဦး သေဆုံးခဲ့ပြီး ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မနေ့က ညနေ ၃ နာရီခွဲလောက်ကနေ ၅ နာရီခွဲကျော်လောက်အထိ ဟားခါး ကျောဘုတ်လုံခြုံရေးဂိတ်ကို ကျွန်တော်တို့ ဟားခါး CDF ကနေသွားပစ်တယ်။ ဟိုဘက်ကတော့ ငါးဦး ပွဲချင်းပြီးသေတယ်။ တပ်ရင်း ၂၆၆ ကနေ လက်နက်ကြီးတွေနဲ့ပစ်လို့ ကျွန်တော်တို့တပ်တွေ ပြန်ဆုတ်သွားတယ်။ ကျွန်တော်တို့ CDF ဘက်ကတော့ ဘာအထိအခိုက်မှမရှိပါဘူး”
ဟားခါးမြို့ရဲ့ ကျောဘုတ်လုံခြုံရေးဂိတ်က စစ်ကောင်စီတပ်သားတွေကို ဟားခါပြည်သူ့ကာကွယ်ရေးအဖွဲ့က စတင်ပြီး သွားရောက်တိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်ဟာ အချိန် ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က ဒဏ်ရာရသူတွေ ရှိနိုင် ပေမယ့် အရေအတွက်အသေးစိတ်ကို အတည်မပြုနိုင် သေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ညကလည်း ဟားခါး-ဖလမ်းကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ခြောက်ဦး သေဆုံးခဲ့သလို ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ် လို့လည်း ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာတော့ ဟားခါးပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့မှာတော့ ပြီးခဲ့တဲ့ မေလ ၁၅ နဲ့ ၁၆ ရက်နေ့တွေက စစ်တပ်က အင်အား ထပ်ဖြည့်လိုက်ပြီးနောက် မြို့ခံတွေအများအပြားဟာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ထွက်ပြေးရတဲ့လူအရေအတွက် အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
မြို့ပေါ်မှာနေရာယူထားတဲ့ စစ်တပ်ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်တာတွေ မလုပ်ဖို့ မြို့ခံတွေကို ခြိမ်းခြောက် ပြောဆိုတာတွေလည်း ရှိနေတယ်လို့ ကန်ပက်လက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“မေလ ၁၅၊ ၁၆ က စစ်ကား ငါးစီးလောက်ရောက်လာတယ်။ အဲလိုသူတို့က လူအင်အားဖြည့်လာလို့ တိမ်းရှောင်နေကြရတာ။ သူတို့ကတော့ အမြဲတမ်း လုပ်နေကျအတိုင်း ပြည်သူတွေကို အကြောက်တရား သွင်းတယ်။ ခြိမ်းခြောက်တယ်ပေါ့နော်။ CDF နဲ့ အချိတ်အဆက်ရှိလား၊ အချိတ်အဆက်ရှိရင်တော့ ခင်ဗျားတို့ကို အန္တရာယ်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေပြောတယ်”
ချင်းပြည်နယ်မှာ ဟားခါး၊ မင်းတပ်၊ တီးတိန်၊ ကန်ပက်လက် စတဲ့မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီကို ဒေသခံတွေက ရိုးရာလက်လုပ်သေနတ်တွေနဲ့ ခုခံနေကြတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း မြို့ပေါ်မှာ အင် အားဖြည့်တာတွေ လုပ်လာနေတာလို့ ဒေသခံတွေကပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ Chin Human Right Organization ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်းကတော့ စစ်ကောင်စီက ချင်းဒေသက အရပ်သားတွေအပေါ် ထိခိုက်အောင်လုပ်နေတာဟာ နိုင်ငံတကာဥပဒေတွေအပေါ် ချိုးဖောက်နေတာပဲလို့ ဝေဖန်ပါတယ်။
“လက်နက်ကြီးနဲ့ပါ ပစ်နေတယ်တဲ့။ အဲလိုမျိုးအခြေအနေမှာ ဒေသခံလူတွေက အပြင်ကိုလည်း မထွက်နိုင်ဘူး။ သူတို့က တစ်အိမ်တက်ဆင်းလုပ်ပြီးတော့ ထွင်းဖောက်မှုတွေ၊ လူတွေကိုစစ်ဆေးပြီး ဖမ်းဆီးတာတွေကိုလုပ်နေကြတယ်။ အဲဒါမျိုးတွေမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်တာတင်မကဘဲနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပါ ချိုးဖောက် တာဖြစ်တယ်လို့ ကျွန်တော်တို့မြင်တယ်”
စစ်တပ်ရဲ့ အပြုအမူတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေရှိပေမယ့် အသေးစိတ်စာရင်းအချက် အလက်တွေရဖို့ ခက်ခဲနေတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း မေလ ၁၆ ရက်နေ့ည ၈ နာရီ ၄၅ မိနစ်လောက်မှာ တီးတိန်မြို့ လေးလုံးရပ်ကွက် မြို့အဝင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ဖြစ်ပွားခဲ့ပြီ လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မနေ့က မေလ ၁၇ ရက်နေ့ညက ထုတ်ပြန်ပါတယ်။
အဲဒီနေ့ညက မင်းတပ်မြို့ရဲ့ နယ်မြေခံတပ်၊ တပ်ဂိတ်နဲ့ အနောက်ရပ်ကွက်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့သလို အဲဒီနေ့ညမှာပဲ ကန်ပက်လက်မြို့မ ရဲစစခန်းနဲ့ ရဲစခန်းရဲ့ အရှေ့မြောက်ဘက် ကိုက် ၃၀၀ လောက်အကွာ လက်ဖက်ခင်းမှာ တိုက်ခိုက်မှုဖြစ်ပွား ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
မနေ့က ဟားခါးမြို့က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်တာတော့ ဒီနေ့ညနေပိုင်းအထိ မတွေ့ရသေးပါဘူး။
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ တကျော့ပြန်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက် ပိုင်းဘက်မှာတော့ စစ်ကောင်စီရဲ့ ဆီဘောက်ဆာ ကားတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ ဖျက်ဆီးလိုက်တယ်လို့ KIA က ပြောပါတယ်။
မေလ ၁၇ ရက်နေ့ ညနေပိုင်းနဲ့ ဒီနေ့မေလ ၁၈ ရက်နေ့မနက်ပိုင်မှာ တရုတ်နယ်စပ် မူဆယ်ဘက်ကနေ ဆင်းလာတဲ့ ဆီဘောက်ဆာကား အချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွက်ခိုင်လမ်းမပေါ်မှာ လမ်း ကနေကြားဖြတ်ပြီး တိုက်ခိုက်ခဲ့တာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို အတည်ပြုပြောပါတယ်။
“ပစ်ခတ်တာကတော့ မှန်ပါတယ် ခင်ဗျာ။ ဘာအကြောင်းကြောင့် ပစ်တာလဲဆိုရင်တော့ ဒီစစ်ကောင်စီ တွေက ဒီဆီတွေကို သုံးပြီးမှ ကျွန်တော်တို့ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာတယ်။ အဲဒါကြောင့် စစ်ကောင်စီ ရဲ့ စက်ဆီတွေကို ကြားဖြတ်ပြီးမှ တိုက်ခိုက်တာဖြစ်ပါတယ်။ ဟိုမှာ လေကြောင်းကနေ လေယာဉ်ပျံကနေ ကျွန်တော်တို့ကို ပစ်တာ ခတ်တာတွေ သူတို့လုပ်ပါတယ်။ နောက် နည်းပေါင်းမျိုးစုံနဲ့ တက်လာပြီးမှ ကျွန်တော်တို့ကို ပစ်ခတ်တာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က စစ်ကောင်စီရဲ့ စက်သုံးဆီတွေကို ကြားဖြတ်ပြီးမှ တိုက်ခိုက်တာဖြစ်ပါတယ် ခင်ဗျ”
ကားတွေကတော့ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီဆီဘောက်ဆာကားတွေဟာ လေယာဉ်ဆီတွေလို့ ယူဆရပေမယ့် ကားဘယ်နှစ်စီးကို ဖျက်စီးခဲ့တယ် ဆိုတာကိုတော့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုတာမရှိပါဘူး။
ကချင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန် နေပြီး တပ်မတော်ဘက်က လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေတာပါ။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာလည်း ရွှေကူမြို့အနီး ဧရာဝတီမြစ်ကြောင်းကနေ ရိက္ခာနဲ့ ဆီတွေအပါအဝင် စစ်အင်အားထပ်မံတိုးချဲ့လာခဲ့တဲ့ စစ်ကောင်စီရဲ့ ရေယာဉ်တစ်စီးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က ကချင်ပြည်နယ်တွင်း လက်ရှိစစ်ဖြစ်ပွါးနေတဲ့ မိုးမောက်မြို့နယ်တွင်းနဲ့ အလောဘွမ် တိုက်ပွဲတွေအတွက် စစ်အင်အားတိုးချဲ့မှုအပါအဝင် စစ်ဖက်သုံးလက်နက်အမျိုးမျိုးနဲ့ ဆီသယ်ယာဉ်တွေကို သိသိသာသာ ပိုပြီး တိုးချဲ့လာတာတွေ့ရတယ်လို့ KIA က ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်ဘက်မှာတော့ သလင်းရွာနဲ့ သင့်ကန်ရွာကို မေလ ၁၇ ရက်နေ့ မနေ့က စစ်ကောင်စီ တပ်တွေက ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံတစ်ဦး ဖမ်းဆီးခံခဲ့ရသလို ရွာသားတွေကို တောတွေထဲမှာ ပုန်းမ နေဖို့နဲ့ ပုန်းနေသူတွေကို တွေ့ခဲ့ရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ဒေသခံတွေဟာ ဖမ်းဆီးခံရမှာကိုစိုးရိမ်လို့ တောတွေမှာ ပုန်းအောင်းနေကြရဆဲဖြစ်တယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကိုယ့်အိမ်ထဲမှာနေနေတဲ့ ငါးချက်ရွာမှာဆိုရင်လည်း ပြီးခဲ့တဲ့ရက်ကဖြစ်သွားတယ်။ ခြေထောက်တစ်ဖက် မသန်တဲ့သူတောင်မှ သေနတ် ခြောက်လက်နဲ့ ဝိုင်းချိန်ထားပြီး နားထင် ဒင်နဲ့ရိုက်သွားတယ်။ အဲလို အခြေအနေရှိတော့ အိမ်ထဲမှာလည်း မနေရဲဘူး။ ဘေးကင်းတယ်လို့ထင်ရတဲ့ တောတွေထဲမှာပဲ နေနေ ကြရတယ်”
ကနီမြို့နယ်မှာ ဖမ်းဆီးခံရမှာစိုးရိမ်လို့ ရွာမှာမနေရဲကြဘဲ တောတွေမှာ ပုန်းရှောင်နေကြရတဲ့သူပေါင်း တစ်သောင်းကျော်လောက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်း ပဲခူးတိုင်း ဒိုက်ဦးမြို့မှာ မေလ ၁၇ ရက် မနေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ် မှုကြောင့် မြို့သစ်(ခ) ရပ်ကွက်မှာနေထိုင်တဲ့ ဦးကျော်မိုးဆိုတဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သူဟာ မနေ့ညက သူ့အမျိုးသမီးနဲ့စကာများပြီး လမ်းပေါ်ထွက်လာရာမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒိုက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
“သူကမူးပြီးတော့ သူ့မိန်းမနဲ့ စကားများတယ်။ စကားများရင်းနဲ့ လမ်းပေါ်ထွက်လာတယ်။ အဲဒီမှာ ရဲတွေ၊ စစ်သားတွေနဲ့တွေ့တယ်။ တွေ့တော့ ပထမတစ်ချက် စပစ်တယ်တဲ့။ ပစ်တော့ သူကပြေးရင်းနဲ့ နောက် ကနေ ထပ်ပစ်တယ်။ အဲဒါမှာထိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ သူ့ဟာသူသက်သက်လာတာ။ အဲဒီ နှစ်ယောက်ကိုလည်း လိုက်ပစ်တယ်။ သူတို့ နှစ်ယောက်ကတော့ လွတ်သွားတယ်။ သူကတော့ အဲဒီမှာပဲ ပွဲချင်းပြီးဆုံးသွားတာ”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်သွားပြီးနောက်မှာမှ သူ့ရဲ့ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တွေက အခင်းဖြစ်နေရာကနေ သွားရောက်ယူဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းမှာတော့ လမ်းမတော်မြို့နယ် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ မေလ ၁၈ ရက် ဒီနေ့မနက်ပိုင်းက လမ်းပေါ်မှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ဘာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီနေ့မနက် ၇ နာရီလောက်က လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှု တစ်ကြိမ်၊ လမ်းမတော် ကိုင်းတန်းလမ်းမှာ ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားအပါအဝင် စစ်ကားအစီး ၇၀ ခန့်နဲ့ လာရောက်စစ်ဆေးခဲ့တယ်လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။