ပြည်တွင်းငြိမ်းချမ်းရေးရမှ မိုင်းကင်း ရှင်းရေး ဆောင်ရွက်နိုင်မည်
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ပြည် တွင်းငြိမ်းချမ်းရေးရရှိမှသာ မိုင်းအန္တရာယ် ကင်းရှင်းရေးကို လုပ်ဆောင်နိုင် မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
-
2016-09-12 -
-
-
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ မိုင်းအန္တရာယ် ကင်းရှင်းရေးကို လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက မိုင်းနဲ့ပေါက်ကွဲ အားပြင်းထန်တဲ့ လက်နက်တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက သုံးစွဲနေတာကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို အကာအကွယ်ပေးဖို့၊ မိုင်းနဲ့ပေါက်ကွဲ အားပြင်းထန်တဲ့ လက်နက်တွေသုံးစွဲနေတာကို လျှော့ချဖို့ ဘယ်လိုစီစဉ်ဆောင်ရွက် နေလဲဆိုတာကို မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။
မိုင်းအန္တရာယ်ကြောင့် အရပ်သားတွေအပြင် တပ်မတော်သားတွေလည်း ထိခိုက်ဒဏ်ရာ ရပြီး အသက်ဆုံးရှုံးတာတွေရှိသလို မိုင်းတွေရှင်းလင်းဖို့နဲ့ အသိပညာပေးဖို့အတွက် နယ်မြေဒေသ ငြိမ်းချမ်းဖို့လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောပါတယ်။
နမ္မတူမြို့နယ်က တစ်ချို့ကျေးရွာတွေအနီးတဝိုက်မှာ မိုင်းတွေတပ်ဆင်ထားပြီး လမ်းဘေးဝဲယာမှာ ကြိုးမိုင်းတွေ တပ်ဆင်ထားတာကြောင့် ဒေသခံတွေ လုပ်ငန်းခွင် ဝင်ဖို့ အခက်အခဲတွေ ကြုံနေရကြောင်း၊ မိုင်းတွေထောင်ထားတာကို ဖြုတ်သိမ်းပေးဖု့ိ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကူအညီတောင်းပေမယ့် ကူညီပေးခြင်းမရှိကြောင်း မေးခွန်းမေးမြန်းတဲ့ ဒေါ်နန်းခမ်းအေးက တင်ပြခဲ့ပါတယ်။
တပ်မတော်ဆေးကုသရေးအဖွဲ့က မိုင်းထိတဲ့ ဒေသခံတွေကို အခမဲ့ကုသပေးပြီး ခြေတု လက်တုတွေ တပ်ဆင်ပေးနေကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ရှင်းပြခဲ့ပါတယ်။