မိုင်းကြောင့် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်ဒေသခံ အမျိုးသမီး သေဆုံး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အောက်ခပေါ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က မိုင်းနင်းပြီးဒဏ်ရာရခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စံမေဟာ မနေ့က စစ်တွေဆေးရုံမှာ သေဆုံးသွားပါတယ်။
-
မင်းသိန်းအောင်
2021-01-19 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အောက်ခပေါ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က မိုင်းနင်းပြီးဒဏ်ရာရခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စံမေဟာ မနေ့က စစ်တွေဆေးရုံမှာ သေဆုံးသွားပါတယ်။
မိုင်းကြောင့် ယာဘက်ခြေ ပြတ်ထွက်သွားသလို မျက်လုံးတွေကိုပါ ထုတ်ပစ်ခဲ့ရပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့ မနေ့က မနက် ၁ နာရီလောက်မှာ ဆုံးပါးသွားတာဖြစ်ပါတယ်။
ဒေါ်ခင်စံမေဟာ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီကျော်လောက်မှာ အောက်ခဘော်ရွာရဲ့ အနောက်ဘက် မိနစ် ၂၀ ခန့်ဝေးတဲ့တောင်မှာ အစ်မဖြစ်သူနဲ့အတူ ထင်းခုတ်သွားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
အဲဒီနေ့ ညနေမှာပဲ ကျောက်တော်ဆေးရုံကို တင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် နောက်တစ်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ကစလို့ စစ်တွေဆေးရုံကို ဆက်လက်ပို့ဆောင်ပြီး ကုသခဲ့ပေမယ့် အတွင်းဒဏ်ရာတွေ များတာကြောင့် ဆုံးသွားခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ရပ်တန့်နေတာကြောင့် ဒုက္ခသည်တွေ ဘေးကင်းကင်းနဲ့ နေရပ်ပြန်နိုင်ဖို့ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကိုပါ ရှင်းပေးဖို့ ဒေသခံတွေက အစိုးရကို တောင်းဆိုနေကြပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ လက်ရှိမှာ ပစ်ခတ်တာတွေမရှိပေမယ့် နှစ်ဘက်စလုံးက မဆုတ်ခွာဘဲ ဆိုင်းထားတဲ့ အနေအထားမှာပဲရှိတာကြောင့် မိုင်းရှင်းလင်းရေးတွေလုပ်ဖို့ မလွယ်ကူသေးကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် တပ်နေရာချထားရေး ပြေလည်ပြီး တပ်တွေဆုတ်သွားမှ တပ်မတော်က မိုင်းရှင်းလင်းရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး တချို့ အဖွဲ့အစည်းတွေက ထောင်ထားတဲ့မိုင်းဆိုရင်တော့ ရှင်းရခက်ဦးမှာ ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး မင်းသန်းက ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မိုင်းကြောင့် သေဆုံးသူ အယောက် ၄၀ နဲ့ ဒဏ်ရာရသူ ၇၄ ဦးရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောခဲ့ပါတယ်။