မင်္ဂလာဒုံလေဆိပ် တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်

2023.04.07
မင်္ဂလာဒုံလေဆိပ် တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကျပ် ရန်ကုန်မြို့ရှိ ဘန်ကာတစ်ခုတွင် လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က မင်္ဂလာဒုံလေတပ်နဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုံခြုံရေးတာဝန်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧပြီလ ၆ ရက် မနေ့ ည ၈ နာရီကျော်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် ဧပြီ ၇ ရက် ဒီကနေ့မနက်ပိုင်းကစလို့ မြို့နယ်အတွင်းမှာ လုံခြုံရေးအင်အား နှစ်ဆတိုးချထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှော့တိုက်ဒုံး ငါးလုံးဟာ မင်္ဂလာဒုံလေတပ်၊ ဆီသိုလှောင်ကန်နဲ့ လေဆိပ်အနီးနားက စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ မင်္ဂလာဒုံလေဆိပ်နဲ့ မြို့နယ်အတွင်းက အဝင်အထွက် လမ်းမတွေ၊ မင်္ဂလာဒုံဈေးနဲ့ လေတပ်စခန်းရှေ့တွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပိတ်ဆို့စစ်ဆေးနေတယ်လို့ မင်္ဂလာဒုံမြို့နယ်က လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လေတပ်စခန်းရှေ့က လမ်းမကိုတော့ တစ်ဖက်ပိတ်ထားတယ်။ လေဆိပ်ကိုတော့ လုံခြုံရေး အရင်ကထက် ပိုချထားတယ်။ အရင်က ၁၀ ဦးလောက်ပဲရှိတဲ့ စစ်ဆေးရေးဂိတ်က ဒီနေ့မှာ စစ်ကောင်စီရော ရဲရော ၃၀ ကျော်ရှိနေတယ်။ အရင်က တက္ကစီတွေဝင်ရင် လိုင်စင်ပဲ ဂိတ်မှာပေးထားခဲ့ရတာ။ ဒီမနက်ကျတော့ ကားဒရိုင်ဘာ မှတ်ပုံတင်ပါ တောင်းတယ်။ မှတ်ပုံတင်မပါလို့ အဝင်မခံတဲ့ ကားတွေလည်းရှိတယ်"

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသလို လေတပ်အနီးက လေယာဉ်ဆီ သိုလှောင်ကန်၊ လေကြောင်းရုံးချုပ်တို့ ထိမှန်ပျက်စီး ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မင်္ဂလာဒုံမြို့နယ်အတွင်းက ရပ်ကွက်တချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါတဲ့ အင်အား ၅၀ နီးပါးနဲ့ တစ်အိမ်တက်ဆင်း ဧည့်စာရင်း စစ်ဆေးတာတွေရှိနေတယ်လို့ မင်္ဂလာဒုံမြို့က ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။