မင်္ဂလာဒုံလေတပ်စခန်း ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးဖြင့် ပစ်ခတ်ခံရ
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ဒီကနေ့ည ၇ နာရီကျော်က ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့က RFA ကိုပြောပါတယ်။
- 2022-10-14
-
-
-
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလေတပ်စခန်းကို ဒီကနေ့ အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီကျော်က ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က RFA ကိုပြောပါတယ်။
ပစ်ခတ်ခဲ့တဲ့အဖွဲ့က လုံခြုံရေးစိုးရိမ်တဲ့အတွက် သူတို့ရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။ စ်ခတ်တိုက်ခိုက်မှုကြောင့် ဘယ်နေရာကို ထိမှန်ပြီး ဘယ်လောက်ပျက်စီးသွားလဲဆိုတာ မသိသေးဘူးလို့လည်း အဲဒီတိုက်ခိုက်ခဲ့တဲ့အဖွဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။
မင်္ဂလာဒုံ လေတပ်စခန်းအနီးမှာနေတဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း ဒီကနေ့ည အစောပိုင်းမှာ ပစ်ခတ်သံကြားခဲ့ရတယ်လို့ ဆိုပါတယ်။
“ဒီနေ့ညပိုင်း ခုနစ်နာရီခွဲနဲ့ ရှစ်နာရီလောက်မှာ အသံ နှစ်ချက်သုံးချက်လောက် ကြားလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မိုးအရမ်းရွာနေတော့ တခြားပစ်ခတ်သံတွေကို သေချာမကြားလိုက်ဘူး။ ဘယ်ကိုပစ်တယ်ဆိုတာတော့ မသိဘူး”
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ RFA က အသေးစိတ်မသိရသေးပါဘူး။ ပြည်တွင်းသတင်းတွေဖော်ပြနေတဲ့ ခေတ်သစ်သတင်းဌာနကတော့ လေယာဉ်ထုတ်လုပ်ပြုပြင်ရေး ဌာနချုပ် အပစ်ခံလိုက်ရတယ်လို့ လေတပ်စခန်း သတင်းအရင်းအမြစ်ကို ကိုးကားဖော်ပြထားပါတယ်။
အပျက်အစီး ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ စစ်တပ်ထောက်ခံသူတွေကလည်း မင်္ဂလာဒုံလေတပ်စခန်းကို ဒေသခံ PDF တွေ ဒီနေ့ည ပစ်ခတ်ခဲ့တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားနေပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလကလည်း အဲဒီလေတပ်စခန်းကို အာဏာရှင်တပ်ဦးတော်လှန်ရေး (DRF) ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ဗုံးနဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာရခဲ့ပါတယ်။