ကျူးကျော်ရပ်ကွက် အဖျက်မခံ ရအောင် လွှတ်တော် ကိုယ်စားလှယ် တာဝန်ယူမယ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ စံသမာဓိရပ်ကွက် က နေအိမ်တွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်က အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ ပုံစံမျိုး နောက်တစ်ကြိမ် မဖြစ်ဖို့ တာဝန်ယူကြောင်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောလိုက်ပါတယ်။

မင်္ဂလာဒုံမြို့နယ်က ကျူးကျော်အိမ်တွေကို ဇန်နဝါရီလ ၂၆ ရက်နေ့က ရှင်းလင်းဖယ်ရှားနေစဉ် Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ စံသမာဓိရပ်ကွက်က နေအိမ်တွေနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်က အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ပုံစံမျိုး နောက်တစ်ကြိမ်မဖြစ်ဖို့ တာဝန်ယူကြောင်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က စံသမာဓိရပ်ကွက် ဓမ္မာရုံမှာ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းနဲ့ ရပ်ကွက်သူ/သားတွေ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ စံသမာဓိရပ်ကွက်မှာ နေထိုင်တဲ့ မခင်စန်းေ၀ က အခုလိုပြောပါတယ်။

"ဘူဒိုဇာနဲ့ထိုးပြီးတော့ ဖြိုတဲ့ကိစ္စကို နောက်တစ်ကြိမ် ဘယ်လိုနည်းနဲ့မှ ဖျက်ဆီးမှု မရှိစေရပါဘူးလို့ အဲဒါလည်း သူတာဝန်ယူသွားတယ်၊ လိုအပ်ရင် နိုင်ငံထဲမှာရှိတဲ့မြေတွေဟာ အစိုးရက တစ်ခုခုကိစ္စကြောင့် လိုအပ်တယ် ဆိုရင် သိမ်းယူပြီး ပြုလုပ်လို့ရတယ်၊ သို့သော် ဒီလို ဘူဒိုဇာနဲ့ထိုးပြီး အကြမ်းဖက် ပြီးတော့ပေါ့နော် အားလုံးကို အခုထွက်ဆိုပြီးတော့ပေါ့နော်၊ အဲလိုမျိုး သူတို့ဘယ်တော့မှ မလုပ်ပါဘူးလို့ တာဝန်ယူသွားတယ်။ "

ဒါ့အပြင် စံသမာဓိရပ်ကွက်ဟာ ပြည်ထဲရေးမှာ နာမည်ပေါက် မဟုတ်တာကြောင့် တရားဥပဒေစိုးမိုးမှု မရှိမှာကို ဒေသခံတွေက စိုးရိမ်နေကြသလို အလုပ်လျှောက်ရာမှာ လိုအပ်တဲ့ ရပ်ကွက်ထောက်ခံစာရယူဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

အဲဒီရပ်ကွက်မှာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး လူဦးရေ ၄ ထောင်ကျော်ရှိပေမယ့် လျှပ်စစ်မီးမရရှိတာကြောင့် အခက်အခဲဖြစ်နေတာကိုလည်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းပေးမယ့်အကြောင်း ဦးအောင်လှိုင်ဝင်း က ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်အစိုးရလက်ထက် ပြီးခဲ့တဲ့ ဇန်နဝါရီလက စံသမာဓိရပ်ကွက်ကို မြေထိုးစက်တွေနဲ့ အင်အားသုံး ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမြေနေရာဟာ ၁၉၈၈ ခုနှစ်မတိုင်ခင်က မွေးမြူရေးနဲ့ ရေလုပ်ငန်းဦးစီးဌာနက နို့စားနွားမွေးမြူရေးလုပ်ငန်း စားကျက်မြေအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မြေလွတ်မြေရိုင်းဖြစ်နေတဲ့အတွက် နေအိမ်တွေ ဆောက် လုပ်ပြီး ဝင်ရောက်နေထိုင်ကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက နေထိုင်ခဲ့ကြသူတွေရှိသလို နာဂစ်လေမုန်တိုင်း ဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဘက်က ပြောင်းရွှေ့လာကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org