ဖမ်းဆီးခံထားရတဲ့ မုံရွာမြို့နယ် မင်္ဂလာကုန်းရွာခံ ငါးဆယ်ခန့်ထဲက လေးဆယ်ကျော်ပြန်မလွတ်သေး

ဖမ်းဆီးခံရတဲ့ ရွာသားအားလုံးကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သိရကြောင်း ဒေသခံတွေက ဆိုပါတယ်။

မုံရွာမြို့နယ် မင်္ဂလာကုန်းရွာမှ မီးရှို့ ဖျက်ဆီးခံထားရသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်္ဂလာကုန်းရွာက ပြည်သူ ငါးဆယ်နီးပါးကို နိုဝင်ဘာလ ၂၉ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး နောက်တစ်နေ့မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးငါးဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေ ပြန်မလွတ်သေးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရွာသားအားလုံးကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးနေတယ်လို့သိရကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပြန်မလွတ်သေးတဲ့ လေးဆယ်ကျော်ဟာ အမျိုးသားတွေဖြစ်ပြီး သက်ကြီးပိုင်းတွေလည်းပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာအမှတ်(၁) ရဲစခန်းကနေ ဖမ်းထားသူတွေအတွက် ထမင်းထုပ်ပို့ဖို့ပြောသလို ငါးရက်စာ စားစရိတ်အဖြစ် တစ်ဦးကို ကျပ်နှစ်သောင်းခွဲပေးဖို့ မိသားစုတွေထံ ဆက်သွယ်တယ်လို့ ဒီအကြောင်းကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညနေခင်းဖမ်းသွားတယ်။ မနက်ခင်းရောက်တဲ့အချိန်မှာ အမှတ် (၁) ရဲစခန်းကနေ ဖုန်းလာတယ်။ ထမင်းထုပ် လာပို့ပါပေါ့။ အဲနေ့မှာပဲ မိန်းကလေးငါးဦး ပြန်လွှတ်တယ်။ မိန်းကလေးတွေ ပြန်လွှတ်ပြီး အမျိုးသားတွေ ကျန်နေခဲ့တာပေါ့။ သိရသလောက် လေးဆယ်ကျော် ကျန်သေးတယ်။ သက်ကြီးပိုင်းတွေလည်းပါတယ်။ လွတ်တဲ့ အမျိုးသမီးတွေက လူလတ်ပိုင်းဝန်းကျင်ဖြစ်ဖို့ များပါတယ်။ ပြီးတော့ ထမင်းဖိုးဆိုပြီး ငါးရက်ကို နှစ်သောင်းခွဲ ဆိုပြီး တောင်းတယ်။ ဖမ်းခံရသူတွေရဲ့ နာမည်တွေတော့ မသိရသေးဘူး။ ငါးဆယ်နီးပါးကတော့ သေချာတယ်”

ဖမ်းဆီးခံရသူထဲမှာ သက်လတ်ပိုင်းအရွယ် အရပ်သားထောက်ပို့တစ်ဦးလည်း ပါသွားပြီး သူ့ရဲ့ဖုန်းထဲမှာ ယူနီဖောင်းနဲ့ လက်နက်ကိုင်ထားတဲ့ ဓာတ်ပုံတွေ တွေ့သွားတာကြောင့် စစ်ကြောရေးပို့ခံလိုက်ရတယ်လို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက မင်္ဂလာကုန်းရွာအနီး ကျောက်စစ်ပုံ (တောင်)ရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ် ဂိတ်စခန်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပြီး ဗိုလ်မှူးတစ်ဦး သေဆုံးပြီးနောက် ရွာသားတွေကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို မေးမြန်းခဲ့ပေမယ့် ခရီးထွက်နေတာကြောင့် သူ့အနေနဲ့ မသိနိုင်သေးဘူးလို့သာ အကြောင်းပြန်ပါတယ်။

မင်္ဂလာကုန်းရွာဟာ ခန့်မှန်း အိမ်ခြေတစ်ထောင်နီးပါး၊ ပြည်သူ လေးထောင်နီးပါးနေထိုင်တဲ့ ရွာဖြစ်ပါတယ်။

လက်ရှိ မင်္ဂလာကုန်းရွာအနီး ကျောက်စစ်ပုံ (တောင်) ရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်ကနေ မကြာခဏ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် ပြည်သူတစ်ဝက်လောက်သာ ရွာထဲပြန်ဝင်ရသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org