မင်းကင်းမြို့နယ် တုမရရွာမှာ ဒေသခံငါးဦး ဖမ်းဆီးသတ်ဖြတ်ခံရ
မင်းကင်းမြို့နယ် တုမရရွာကို စစ်ကောင်စီတပ်က ရွာခံငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
-
RFA Burmese
2024-07-20 -
-
-
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တုမရရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၆ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ရွာခံငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၆၀ အရွယ် ဦးတင်ဝင်း၊ သက် ၅၀ အရွယ် ဦးဝင်းဆွေ၊ အသက် ၃၈ နှစ်အရွယ်တွေ ဖြစ်ကြတဲ့ ကိုချစ်ကို၊ မမျိုးမျိုးဝင်းနဲ့ မလှလေးနွယ်တို့ ဖြစ်တယ်လို့ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ (SRF) က ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အသက်မသေဘဲ ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာအများအပြားနဲ့ ရှင်ကျန်ခဲ့သူ အသက် ၃၉ နှစ်အရွယ် ကိုတူးနိုင်ကိုတော့ SRF တပ်ဖွဲ့က ဆေးကူသမှုပေးနေတယ်လို့လည်း ဆိုပါတယ်။
ကိုတူးနိုင်ရဲ့ ပြောပြချက်အရ သူ့ရဲ့ဇနီးဖြစ်သူ မလှလေးနွယ် အပါအဝင် ငါးဦးကို စစ်ကောင်စီတပ်သားတွေက ဓားနဲ့ရက်ရက်စက်စက် လှီးဖြတ်သတ်ဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မင်းကင်းမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အမျိုးသမီးတွေ အပါအဝင် ရွာခံတွေကို စစ်ဆေးမေးမြန်းပြီးနောက် သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဘာကြောင့်သတ်ဖြတ်တယ်ဆိုတာကို မသိရသေးဘူးလို့ မင်းကင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ချင်းတွင်းမြစ်ရေကြီးနေချိန်မှာ မင်းကင်းမြို့ပေါ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ဝင်တိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပြီး စစ်ကောင်စီတပ်ဟာ မသင်္ကာတဲ့ ရွာတွေကို လှည့်စစ်ဆေးရေးလုပ်နေတာ။ သတ်ခံရတာ ငါးယောက်ပေါ့ဗျာ။ ဒဏ်ရာရတာက နှစ်ယောက်၊။ ဘာကြောင့်သတ်တယ်ဆိုတာတော့ သေသေချာချာ မသိရသေးဘူး”
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တုမရရွာဟာ အိမ်ခြေ လေးဆယ်ကျော်ရှိပြီး မင်းကင်းမြို့ရဲ့အနောက်ဘက် ၅ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။
မင်းကင်းမြို့နယ်မှာ ဇူလိုင်လဆန်းပိုင်း ချင်းတွင်းမြစ်ရေကြီးချိန်ကစလို့ မင်းပေါ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ရွာတချို့ကို ဝင်ရောက်စစ်ဆေးတစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၈၅၃ ဦးအထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။