မင်းလှမြို့နယ်မှာ ဒေသခံ ၁၃ ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အနီးက ရွာမရွာမှာ လမ်းသွား၊ လမ်းလာဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူတိုင်းအနောက်ခြမ်း၊ မင်းလှမြို့အား တွေ့ရစဉ်။ Minhla Newsmenber

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အနီးက ရွာမရွာမှာ ဧပြီလ ၇ ရက်နေ့က လမ်းသွား၊ လမ်းလာဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေက တနာပိုလေးနဲ့ တနာပိုကြီးရွာတွေက အသက် ၄၀ အရွယ် ဦးထွန်းနိုင်၊ အသက် ၃၆ နှစ်အရွယ် ကိုတင်နိုင်စိုး၊ ၃၅ နှစ်အရွယ် ကိုတင်ဦး၊ အသက် ၂၀ အရွယ် ကိုအောင်မျိုးနိုင်တို့အပါအဝင် ရွာမရွာနဲ့ တောင်စလဲကုန်းရွာတွေက ဒေသခံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကွင်းမြို့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေက လမ်းသွား၊ လမ်းလာတွေကို ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ကွင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“အဲဒီက လမ်းသွားလမ်းလာတွေ ပေါ်တာဆွဲသလိုမျိုး ဖမ်းဆီးခဲ့တာဗျ။ ဒီလူတွေက ချိန်းဆွဲသမားတွေ၊ လမ်ခင်းကျောက် ကားမောင်းသမားတွေပါတယ်။ ရိုက်နှက်ပြီး ခေါ်သွားတယ်ဗျ”

အဲဒီလူတွေကို စစ်ကွင်းမြို့ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီထဲက သုံးဦးပြန်လွတ်လာတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် ပဲခူးတိုင်းထဲမှာ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးတာနဲ့ ဖိအားပေး စစ်သားစုဆောင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org