အနည်းဆုံးလုပ်ခ ကျပ် ၅၆၀၀ ရရှိရေး အလုပ်သမားတွေ ဆန္ဒပြ


2017.12.03
minimum-wages-protest-622.jpg ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ တစ်ရက်လုပ်အားခ အနည်းဆုံး ၅၆၀၀ ရရှိရေးအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုနေစဉ်
ဓါတ်ပုံ - နိုင်ဌေးလွင်

တစ်ရက်လုပ်အားခ အနည်းဆုံး ကျပ် ၅၆၀၀ ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ စက်ရုံ အလုပ်သမား ၁၅၀၀ လောက်နဲ့ အလုပ်သမားအရေး  ဆောင်ရွက်နေသူတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

တစ်ရက်လုပ်အားခ ၅၆၀၀ ရရှိမယ်ဆိုရင် အလုပ်သမားတွေအတွက် စားဝတ်နေရေး လောက်ငနိုင်မှာဖြစ်တယ်လို့ အခကြေးငွေ ၅၆၀၀ ရရှိရေးနဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းကော်မတီအဖွဲ့ဝင် ကိုနိုင်ဌေးလွင် က ပြောပါတယ်။

"ကျနော်တို့ အလုပ်သမားတွေ လက်ရှိရနေတဲ့ရတဲ့ လစာက ကျနော်တို့ တကယ်ကို မလောက်င ဘူးဖြစ်နေတယ်။ ဥပမာဗျာ ထမင်းတစ်နပ်ကို ၈၀၀ ပဲထား၊ တစ်နေ့ကို ၃ နပ်စားရမယ် ကျနော်တို့အနေနဲ့ အဲမှာပဲ ၂၄၀၀ ဖြစ်နေပြီ။ ရန်ကုန်မှာလာလုပ်တာက အဆောင်မှာနေတဲ့ အလုပ်သမားကများတယ်။ နယ်အလုပ်သမားတွေ များတယ်။ နယ်အလုပ်သမားများတော့ သူတို့အတွက်က ဆောင်ငှားခတွေရှိတယ်ဗျ။ အဆောင်ငှားခတွေရှိတော့ မိဘတွေဆီကို တစ်ပြားမှ ပြန်မပို့နိုင်ဘူး။ မိဘတွေနဲ့ ခွဲခွာပြီးတော့ လာလုပ်ရတာပဲ သူတို့မှာ အဖတ်တင် တယ်ပေါ့နော်။ လောက်ငမှုမရှိဘူး"

ဆန္ဒပြတောင်းဆိုသူတွေဟာ လှိုင်သာယာမီးခွက်ဈေးအောက်ထိပ်ကနေ စတင်ချီတက်လမ်းလျှောက် ခဲ့ကြတာ ဖြစ်ပါတယ်။

အနည်းဆုံး အခကြေးငွေ ကျပ် ၅၆၀၀ ရရှိရေးအတွက် အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၅ ဖွဲ့လောက်က စုပေါင်းပြီး ဦးဆောင်ဆန္ဒပြတာဖြစ်ပါတယ်။ အလားတူဆန္ဒပြပွဲကို မန္တလေးမြို့မှာလည်း ပြုလုပ်ခဲ့ပါ တယ်။

လက်ရှိအချိန်မှာ လုပ်ငန်းရှင်တွေဘက်က ပေးနိုင်တဲ့ အနည်းဆုံးလုပ်ခလစာနှုန်းထားတစ်ရပ်ကို နိုင်ငံတော် သမ္မတထံ တင်ပြထားပေမယ့် အလုပ်သမားတွေ တောင်းဆိုနေတဲ့ ကျပ် ၅၆၀၀ ကို အထည်ချုပ်လုပ်ငန်း ရှင်တွေပေးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက အလုပ်သမားအားလုံးအတွက် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်ရက်လုပ်အားခ ကျပ် ၃၆ဝဝ ပေးဖို့ အတည်ပြုထားတာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာ စားဝတ်နေရေး မလုံလောက်မှုတွေ ဖြစ်ပေါ်နေသလို ဥပဒေအရ ၂ နှစ် နောက်ပိုင်းမှာ နှုန်းထားအသစ်တစ်ရပ်ကို အတည်ပြုပေးရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။