ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုး တိုးတက်ရေး နှောင့်နှေးခဲ့ရကြောင်း ရခိုင်ဝန်ကြီးချုပ်ပြော

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးခဲ့တယ်လို့ ရခိုင်ပြည်နယ် ယာယီဝန်ကြီးချုပ် ဦးမြအောင်က ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး မှာ ပြောပါတယ်။

ရခိုင်ပြည်နယ် ယာယီဝန်ကြီးချုပ် ဦးမြအောင် ကို ဒီဇင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မှာ နှောင့်နှေးခဲ့တယ်လို့ ရခိုင်ပြည်နယ် ယာယီဝန်ကြီးချုပ် ဦးမြအောင်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြရာမှာ ပြောခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ဇွန်လအတွင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို ထိခိုက်စေခဲ့တယ်ဆိုတာလည်း သိရှိမှာဖြစ်ပါတယ်၊ လုပ်ငန်းတွေလုပ်ချင်တယ်၊ နိုင်ငံတကာက အဖွဲ့ အစည်းတွေ ဝင်လာတယ်၊ ဝင်လာပေမယ့်လည်း ဒီပြဿနာတွေက မပြီးသေးတဲ့အတွက် အဆုံးမသတ်နိုင်တဲ့ အတွက် လုပ်ငန်းများကို ကုမ္ပဏီများ လုပ်ငန်းရှင်များအနေနဲ့ နောက်ဆုတ်သွားတဲ့ အနေအထားမျိုး အများကြီး ကြုံခဲ့တဲ့အတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ တော်တော်များများ နောက်ကျခဲ့တယ်ဆိုတာကိုလည်း လွှတ်တော်ကိုယ်စားလှယ်များ အသိပဲဖြစ်ပါတယ်

အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီး လူပေါင်း ၅ သောင်းလောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့က မြေဧက ၆၀၀ လောက်မှာ ဟိုတယ်ဇုန်စီမံကိန်းတစ်ခုလည်း စတင်အကောင် အထည်ဖော်နေပြီဖြစ်တာကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ မျှော်လင့်ထားတယ်လို့ လည်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့က အကန့်အသတ်နဲ့ ချထားပေးတဲ့ ရန်ပုံငွေကို ပြည်နယ်အစိုးရက ခွဲဝေသုံးစွဲရတာဖြစ်တဲ့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အကန့်အသတ်နဲ့သာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

လက်ရှိအစိုးရအဖွဲ့ သက်တမ်း ၅ နှစ်တာကာလအတွင်းမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ၃ ယောက်အထိ လွှဲပြောင်းပေးခဲ့ရသလို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတာတွေရှိတဲ့အတွက် အစိုးရအဖွဲ့ရဲ့ဆန္ဒ၊ လုပ်ပိုင်ခွင့်တွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒတွေဟာ တစ်ထပ်တည်းမကျနိုင်ခဲ့ဘူးလို့ လည်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထိန်လင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို ၅နှစ်တာကာလအတွင်း ၁၃ ကြိမ်ကျင်းပခဲ့ပြီး ဒီတစ်ကြိမ် ဟာ နောက်ဆုံးအကြိမ် အစည်းအဝေးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org