လာဘ်ထိုးတာတွေ လက်မခံကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား

စက်မှုဇုန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ ကြုံတေ့ွနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တင်ပြကြဖို့နဲ့ တင်ပြ ရာမှာလည်း လာဘ်ထိုးပြီး လုပ်ခိုင်းတာမျိုးကို လက် မခံကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ စက်မှုဇုန်(ရန်ကုန်) ကိုယ်စားလှယ်များ ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံကြစဉ် Photo: Htet Arkar/RFA

စက်မှုဇုန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ ကြုံတေ့ွနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တင်ပြကြဖို့နဲ့ တင်ပြရာမှာလည်း လာဘ်ထိုးပြီး လုပ်ခိုင်းတာမျိုးကို လက်မခံကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ရုံးမှာ စက်မှုဇုန် ၂၀ နီးပါးက ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ မျှော်မှန်းချက်ဟာ နိုင်ငံတိုးတက်ဖို့၊ ကျနော်တို့ဆီမှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ တိုးတက်ဖို့ ပဲရှေးရှုတယ်၊ ဒီအတွက် အစိုးရအဖွဲ့ကို ဘာတစ်ခုမှ လာဘ်ထိုးစရာမလိုဘူး၊ လာပြောပါ၊ ဒါလုပ်ပေးကို လုပ်ပေးမှရမယ်လို့ တင်းတင်းရင်းရင်းပြောပါ၊ ဘာကြောင့်လဲဆို အစိုးရဆိုတာ ပြည်သူလူထုရဲ့ ဝန်ကိုထမ်းဖို့ ဒီတာဝန်ကို ကျနော်တို့ယူတာ၊ ကျနော်တို့ တိုင်းပြည်ထူထောင်နိုင်ရေးအတွက် ဒီငါးနှစ်အတွင်းမှာ မှတ်ကျောက် တင်ခံနိုင်ရမှာဖြစ်ပါတယ်၊ ဒီအတွက် ကျနော်တို့ဘက်က လုပ်ပေးနိုင်တဲ့ အခြေအနေတွေအားလုံးကို လုပ်ငန်း ရှင်တွေအားလုံး အလုပ်သမားတွေအပေါ်မှာလည်း အကောင်းဆုံးဖြစ်နိုင်တဲ့ အခြေအနေတွေကို စွမ်းဆောင်နိုင် တဲ့ စက်ရုံအလုပ်ရုံတွေဖြစ်ဖို့အတွက် ကျနော်ဆန္ဒပြုပါတယ်"

တွေ့ဆုံပွဲကို လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ စတဲ့ စက်မှုဇုန် ၂၀ လောက်က ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ပြီး စက်မှုဇုန်တွေမှာ လျှပ်စစ်မီးလုံလောက်စွာ ရရှိဖို့၊ ကျူးကျော်နေထိုင်သူတွေကို ဖြေရှင်းပေးဖို့ နဲ့ ရေရရှိအောင် ဆောင်ရွက်ပေးဖို့တို့ကို ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်အတော်များများမှာ ကျူးကျော်ဝင်ရောက်နေထိုင်သူတွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းပေးသွားမယ်လို့လည်း ပြောပါတယ်။

တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်က စက်မှုဇုန်တိုင်းကို လှည့်လည်စစ်ဆေးမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org