ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က Eleven ကို တရားစွဲမည်


2016.11.08
daily-eleven-press-620.jpg Eleven Media သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က Eleven Media Group ရုံးမှာ ကျင်းပနေစဉ်
Photo: Htet Arker/ RFA

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Eleven Media ကို တရားစွဲဖို့ စီစဉ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ ဒေါ်လာတစ်သိန်းတန် နာရီပတ်ထားတယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ စွပ်စွဲသလိုသဘောမျိုးဖြစ်တာကြောင့် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဥပဒေချုပ်နဲ့ တိုင်ပင်ပြီး Daily Eleven သတင်းစာကို တရားစွဲဖို့ စီစဉ်နေကြောင်း ဦးဝင်းထိန်က ဒီကနေ့ နေပြည်တော်မှာ ပြောပါတယ်။

"အခုဟာက ဖြိုးမင်းသိန်းက ဒေါ်လာတစ်သောင်းတန်နာရီကို ပတ်ပါတယ်ဆိုတာ စွပ်စွဲချက်၊ အဲ့စွပ်စွဲချက်မမှန်လို့ ဒါ Elevenကို ဖြိုးမင်းသိန်းက တရားစွဲဖို့စီစဉ်နေတယ်"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး Eleven သတင်းစာကလည်း သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး တရားစွဲလာရင် တရားရင်ဆိုင်သွားမယ်လို့ ဒီနေ့ ညနေက သတင်းစာရှင်းလင်းပွဲမှာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာမှာ ပါရှိတဲ့ ရွေးကောက်ပွဲတစ်နှစ် ကြာသော်ဆောင်းပါးမှာ လစာဒေါ်လာ နှစ်ထောင့်ငါးရာခန့်ရရှိတဲ့ ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းခန့် တန်သည့် Patek Phillipe နာရီဝတ်ဆင်သည် ဆိုသောသတင်းက တစ်နေ့အနည်းဆုံးလုပ်ခ နှစ်ဒေါ်လာခွဲ သာရသည့် နိုင်ငံသားတော်တော်များများကို မကျေမနပ်ဖြစ်စေခဲ့သည်ဆိုပြီး ရေးသားဖော်ပြထားတာပါ။ Eleven ရဲ့ဒီကနေ့ ထုတ်ဝေတဲ့ သတင်းစာမှာ သူတို့အနေနဲ့ ဝန်ကြီးချုပ်အမည်လည်း မသုံးသလို အစိုးရကိုလည်း အမည်တပ်ပြီး ရေးသားထားတာ မရှိဘူးလို့ ချေပထားပါတယ်။

အဲဒီဆောင်းပါးမှာ လက်ဆောင်ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကလွတ်လာတဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူတစ်ဦးဆိုတာလည်း ပါရှိပါတယ်။ ဒါပေမဲ့ အမည်တော့ ရေးသားဖေါ်ပြခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။