အချက်အလက်မမှန်ရင် ရေးသား သူ တာဝန်ယူရမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက သူ့အနေနဲ့ အဂတိလိုက်စားမှု ရှိခဲ့တာကို အချက် အလက်ခိုင်ခိုင်မာမာနဲ့ ထောက်ပြမယ် ဆိုရင် ရာထူးကနေနှုတ်ထွက်ဖို့ ဝန်မလေးကြောင်းနဲ့ အချက် အလက်မခိုင်မာဘဲ စွပ်စွဲပြောဆိုမယ်ဆိုရင် ရေးသားသူအနေ နဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် Daily Eleven သတင်းစာကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သူ့အနေနဲ့ အဂတိလိုက်စားမှုရှိခဲ့တာကို အချက် အလက်ခိုင်ခိုင်မာမာနဲ့ ထောက်ပြမယ်ဆိုရင် ရာထူးကနေနှုတ်ထွက်ဖို့ ဝန်မလေးကြောင်းနဲ့ အချက် အလက်မခိုင်မာဘဲ စွပ်စွဲပြောဆိုမယ်ဆိုရင် ရေးသားသူအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဒီနေ့ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ေတွ့ဆုံရာမှာ အခုလိုပြောခဲ့တာလို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မြန်မာဂျာ နယ်လစ်ကွန်ယက်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင် ကပြောပါတယ်။

" သတင်းစာဆရာဆိုတာ အချက်အလက်ခိုင်မာဖို့လိုတယ်ဆိုတာ သူကပြောတယ်။ မခိုင်မာဘဲ ရေး တယ်ဆိုရင် စွပ်စွဲသလိုဖြစ်တယ်ပေါ့။ သူကထပ်ပြောတာက သူအနေနဲ့ အခုလိုမျိုး အဂတိ လိုက်စား တာ ရှိမယ်ဆိုရင် အချက်အလက်နဲ့ထောက်ပြ။ သူ့အနေနဲ့ ရာထူးကပြုတ်သွားလည်း ပြုတ်ပေါ့။ တကယ်လို့ မှန်တယ်ဆိုရင် သူလုပ်နိုင်တယ်ပေါ့လေ။ ဥပဒေအထက်မှာ သူလည်းမနေဘူးပေါ့နော်။ တကယ်လို့ များအချက်အလက်မမှန်ဘူးဆိုရင်ရေးတဲ့သူက တာဝန်ယူပေါ့။ အဲဒီပုံစံမျိုးသူ ကပြောတာပေါ့။"

အခုလ ၆ ရက်နေ့က နေ့စဉ်ထုတ် Eleven သတင်းစာမှာ ရွေးကောက်ပွဲတစ်နှစ်ကြာသော်ဆိုတဲ့ အယ်ဒီတာအာဘော်ကို ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီအယ်ဒီတာ့အာဘော်မှာ ဝန်ကြီးချုပ်တစ်ဦးဟာ ဒေါ်လာတစ်သိန်းခန့်တန်ဖိုးရှိတဲ့ Patek Phillipe နာရီကို ဝတ်ဆင်ခဲ့တယ်ဆိုတဲ့သတင်းက တနေ့အနည်းဆုံးလုပ်အားခ နှစ်ဒေါ်လာခွဲသာ ရရှိခဲ့တဲ့ နိုင်ငံ သားတော်တော်များများကို မကျေမနပ်ဖြစ်စေခဲ့တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် အဲ့ဒီလက်ဆောင်ကို မကြာသေးမီက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကလွတ်လာတဲ့ သူဌေး တစ်ဦးကပေးခဲ့တာဖြစ်ပြီး အဲဒီသူဌေးဟာ အစိုးရအကူး အပြောင်းကာလမှာ မြို့သစ်စီမံကိန်းကို တင်ဒါ အောင်မြင်ခဲ့သူဖြစ်တယ်လို့လည်း ရေးသားခဲ့ပါတယ်။

အဲဒီရေးသားချက်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ သူဌေးရဲ့ အမည်နဲ့ ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ ဝန်ကြီးချုပ်ပတ်ထားတဲ့ Patek Phillipe နာရီကို တွေ့ခဲ့တယ် ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ အမည်ကို သိလိုကြောင်း Eleven Media Group ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

Eleven သတင်းစာအနေနဲ့ သူတို့ဖော်ပြခဲ့တဲ့ သတင်းမှာ မှန်ကန်တိကျတဲ့ အချက်အလက် အထောက် အထားတွေရှိကြောင်းနဲ့ ဝန်ကြီးချုပ်ဘက်က စာရေးသားမေးမြန်းတာဟာ မီဒီယာကို ဖိအားပေးတဲ့ သဘောလို့ယူဆကြောင်းနဲ့ ပြန်လည်ဖြေကြားဖို့အကြောင်းမရှိကြောင်း မနေ့က ရက်စွဲနဲ့ အကြောင်း ပြန်စာပေးပို့လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မနက်ဖြန်မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာရှင်းလင်းပွဲ ကျင်းပသွား ဖို့ရှိပြီး တုန့်ပြန်သွားမှာဖြစ်တယ်လို့ သတင်းမီဒီယာ အဖွဲ့အစည်းက တာဝန်ရှိသူတွေကို ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲကို မြန်မာနိုင်ငံသတင်း စာဆရာအသင်း MJA၊ မြန်မာဂျာနယ်လစ်ကွန်ယက် MJN၊ မြန်မာနိုင်ငံသတင်းစာဆရာ များသမဂ္ဂ MJU ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းနဲ့ သတင်းမီဒီယာကောင်စီက ကိုယ်စားလှယ် ၇ ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org