ပြည်နယ်ဝန်ကြီး တချို့ အလုပ် လက်ကိုင်မရှိ ဖြစ်နေ
ချင်းပြည်နယ် အစိုးရမှာ ဝန်ကြီးနေရာတွေ ရရှိထားကြတဲ့ ချင်းပါတီ (၂) ခုက ဝန်ကြီးတွေဟာ ဌာန အလုပ် လုပ်ကိုင်ခွင့် မရသေးသလို တချို့ဟာ တာဝန်ယူရတဲ့ ဌာနဆိုင်ရာတွေနဲ့ မသက်ဆိုင်တဲ့ ဌာနတွေ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
-
2011-06-01 -
-
-
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
(RFA Map)
ချင်းအမျိုးသားပါတီ CNP က ရွေးချယ်ခံရတဲ့ ပူးရာမာန် ကို
စီးပွားရေး ဝန်ကြီးအဖြစ် တာဝန်ပေးထားပေမဲ့ သူရဲ့ဌာနအောက်မှာ ဘာမှ မသက်ဆိုင်တဲ့ အား ၊ကာ ခေါ် အားကစားဌာန ကို ထားရှိထားတယ်လို့ RFA ကိုပြောပါတယ်။
" အော်၊ စီးပွါးရေးပါ။ အဲဒီအောက်မှာတော့ သမဝါယမရယ်၊ အားကာရယ်၊ အားကစားတွေပါဘဲ၊ ဘာမှ မရှိပါဘူး။ ချင်းပြည်နယ်မှာတော့ မရှိပါဘူး။ ကျနော်တို့က အခု လေ့လာတုန်း အဆင့်မှာဘဲ ရှိပါတယ်။ ချင်းပြည်နယ်က စီးပွါးရေးလုပ်ငန်းပိုင်းဆိုရင် နဲနဲ အားနဲတယ်လေ။"
ဒါ့အပြင် ချင်းပြည်နယ် အစိုးရမှာ နောက်ထပ် ချင်းပါတီတခု ဖြစ်တဲ့ CPP ခေါ် ချင်းတိုင်းရင်းသား တိုးတက်ရေးပါတီကနေ ရွေးချယ်ခံရတဲ့ ပူကျော်ငြိမ်း က သူအနေနဲ့ ဌာနလေးခု တာဝန်ယူရတဲ့ ဝန်ကြီး ဖြစ်ပေမဲ့ အဲဒီ ဝန်ကြီးဌာနတွေကို အခုအထိ ဗဟိုအစိုးရက ချုပ်ကိုင်ထားတယ်လို့ RFA ကိုပြောပါတယ်။
"စွမ်းအင်ရယ်၊ လျှပ်စစ်ရယ်၊ သတ္တုရယ်၊ သစ်တောရယ်ပါ။ ဒီမှာ ချင်းမှာကျတော့ စွမ်းအင်နဲ့ သတ္တုက မရှိဘူး။ အဓိကက လျှပ်စစ်နဲ့ သစ်တောဘဲ ရှိတာကိုး။ ပြည်ထောင်စုအစိုးရက အခု ကျတော်တို့ လောလောဆယ် ၆ လ တာဝန်ယူထားတယ်လေ။ ၆ လပြီးရင် ပြည်နယ်အစိုးရကို အပြီးအပိုင်ပေးမယ်လို့ ပြောထားတာ။ အခုလောလောဆယ်မှာ ရံပုံငွေတွေ ဘာတွေ ချမပေးသေးဘူး။ ပြည်ထောင်စုဘဲ ကိုင်ထားသေးတယ်။
အဲဒါကတော့ ဘယ်လိုမှ ကျတော်တို့ ဘာမှ ပြောလို့မရသေးဘူးလေ။"
ချင်းပြည်နယ်မှာ အဲဒီ ချင်းပါတီ ၂-ခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် အင်အား အများဆုံး ရရှိပေမဲ့ ကြံခိုင်ရေးပါတီ က ၂၅-ရာခိုင်နှူန်း တပ်မတော် ခွဲတန်းနဲ့ ပေါင်းပြီး အစိုးရဖွဲ့ခဲ့တာ ဖြစ်ပါတယ်။