ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဟု ဒုဝန်ကြီးလွှတ်တော်မှာ ဖြေကြား

မြန်မာနိုင်ငံမှာ ခေတ်အဆက် ဆက် နေထိုင်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာလူမျိုး လုံးဝမရှိကြောင်းကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်း က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးရှိ၊ မရှိ ဆိုတဲ့ မေးမြန်းချက်ကို ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက အခုလို ဖြေကြားခဲ့တာပါ။

"ရိုဟင်ဂျာလူမျိုးသည် ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှ မရှိခဲ့ပါ၊ ရိုဟင်ဂျာဆိုသော လူမျိုးသည် နယ်ချဲ့ဗြိတိသျှ ကိုလိုနီခေတ်က မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ၊ မှတ်တမ်းများ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ လူမျိုးဖော်ပြရာတွင်လည်း ပါဝင်ခဲ့ခြင်း မရှိသည့်အပြင် ဗြိတိသျှခေတ်ကလည်း ပါဝင်ခဲ့ခြင်းမရှိပေ၊ ရုံးလက်ခံ အိမ်ထောင်စု လူဦးရေစာရင်းများတွင်လည်း ပါဝင်ခဲ့ခြင်းမရှိပါ၊ ၁၉၇၃ ခုနှစ် ပုံစံနှစ်များတွင် ဘင်ဂါလီလူမျိုးဖြင့်သာ မှတ်တမ်းတင်ထားခဲ့ပြီး၊ ရိုဟင်ဂျာ (သို့မဟုတ်) ရိုအင်ဂျာလူမျိုးဟု မှတ်တမ်းတင်ထားခဲ့ခြင်း မရှိပါ"

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေနဲ့ စစ်တွေမဲဆန္ဒနယ်က ဦးမောင်ညိုက မြန်မာနိုင်ငံမှာ သမိုင်းဝင်နေထိုင်တဲ့ ကုလားလူမျိုး ရှိ၊ မရှိ ဒါမှမဟုတ် ဘဂါၤလီလူမျိုးရှိသည်ကို အသိမှတ်ပြုပါသလားဆိုတဲ့ မေးခွန်းနှစ်ခုကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော်မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မေးခွန်းနဲ့ ပြန်လည်ဖြေကြားမှု အပြည့်အစုံကို RFA သတင်းထောက် မအိအိခိုင်က စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org