လွှတ်တော်ထုတ်လွှင့်စဉ် ပြတ်တောက်မှု မမှန်မကန်တင်ပြခဲ့သူတွေကို အရေးယူခဲ့

ပြည်ထောင်စုလွှတ်တော် တိုက်ရိုက်ထုတ်လွှင့်မှု ငါးမိနစ် ပြတ်တောက်ခဲ့ရတဲ့ကိစ္စ မမှန်မကန်တင်ပြခဲ့တဲ့ တာဝန်ရှိသူတွေကို နိုင်ငံ့ဝန်ထမ်းဥပဒေတွေအရ အရေးယူခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ် Photo: Thiha Tun/RFA

ပြည်ထောင်စုလွှတ်တော် တိုက်ရိုက်ထုတ်လွှင့်မှု ငါးမိနစ် ပြတ်တောက်ခဲ့ရတဲ့ကိစ္စ မမှန်မကန်တင်ပြခဲ့တဲ့ တာဝန်ရှိသူတွေကို နိုင်ငံ့ဝန်ထမ်းဥပဒေတွေအရ အရေးယူခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးနေစဉ် ဘယ်လိုအကြောင်းကြောင့် ပြတ်တောက်ခဲ့လဲဆိုတဲ့ အဖြစ်မှန်ကို ရှင်းလင်းပေးဖို့ ကြံ့ခိုင်ဖ့ွံ့ဖြိုးရေး USDP ပါတီ မင်းကင်း မဲဆန္ဒနယ်က ဦးမောင်မြင့်က ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပြတ်တောက်ခဲ့ရတာဟာ ကနဦး သတင်းထုတ်ပြန်ခဲ့သလို ဖိုက်ဘာဆက်ကြောင်းကို အသုံးပြုစဉ် ပြတ်တောက်တာ မဟုတ်ဘဲ ဂြိုလ်တုဆက်ကြောင်းကို အသုံးပြုရင်း ပြတ်တောက်ရတယ်ဆိုတဲ့ အဖြစ်မှန်ကို စုံစမ်းတွေ့ရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဖိုက်ဘာဆက်ကြောင်းကို အသုံးပြုလို့ဖြစ်ရတယ်ဆိုပြီး တင်ပြခဲ့သူတွေကို ထိုက်သင့်သလို အရေးယူထားတယ်လို့ ပြောပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့ရေဒီယိုနဲ့ ရုပ်မြင်သံကြား MRTV ညွန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူအပြစ်ပေးတဲ့အနေနဲ့ ဌာနရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အဲဒီလို ပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်စရာအကြောင်း မရှိကြောင်းလည်း ဝန်ကြီး ဦးဖေမြင့်က ဒီနေ့ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့မှာ တာဝန်မရှိဘူးလားဆိုတဲ့ ဦးမောင်မြင့်ရဲ့ ထပ်ဆင့်မေးမြန်းချက်ကိုတော့ ဦးဖေမြင့်က တိုက်ရိုက်ဖြေကြားတာ မရှိပါဘူး။

အဲဒီ ပြတ်တောက်မှုနဲ့ ပတ်သက်ပြီး MRTV ရဲ့ ကနဦးကြေညာချက်မှာ လွှတ်တော်ကနေ တပ်ကုန်းဌာနချုပ်ကို ရုပ်သံတွေ တင်ပို့တဲ့ ဖိုင်ဘာ အော့ပ်တစ် Fiber-optic စနစ်ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး MRTV ဟာ အဲဒီနေ့က Fiber-optic စနစ်ကို အသုံးပြုခဲ့ခြင်း မရှိဘူးလို့ တပ်မတော်က ပြန်လည်ပြောကြားခဲ့ပြီးနောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org