မင်းကင်း PDF တပ်စခန်း ရဟတ်ယာဉ် ၆ စီးနဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့PDF တွေ စိုးမိုးမှုရထားတဲ့ တဲကြီးရွာကို မေလ ၂၀ ရက် မနေ့က စစ်ကောင်စီတပ်ဘက်ကနေ ရဟတ်ယာဉ် ၆ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ PDF ဘက်က အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး MK - PDF တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ် Photo: မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၃ Mkpdf-3

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့PDF တွေ စိုးမိုးမှု ရထားတဲ့ တဲကြီးရွာကို မေလ ၂၀ ရက် မနေ့က စစ်ကောင်စီတပ်ဘက်ကနေ ရဟတ်ယာဉ် ၆ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ PDF ဘက်က အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်ပြီး စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက် ချသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“Mi 35 က နှစ်စီး၊ ရဟတ်ယာဉ်က ၄ စီးလာတာ၊ ပထမဆုံး အပေါ်ကနေပစ်တယ်။ အဲဒါပြီးတော့ စစ်သား ၁၀၀ လောက် ရဟတ်ယာဉ်ပေါ်ကနေ ချတယ်။ ဒေသကာ ကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ ညနေပိုင်းမှာ ကလေး၀ ကာကွယ်ရေးတပ်ဖွဲ့က လာကယ်တယ်၊ တိုက်ပွဲထပ်ဖြစ်ကြတယ်၊ အခုကတော့ အကုန်ရှောင်နေကြတယ်“

PDF တပ်ဖွဲ့ဘက်က အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရကာ ကလေးဝတပ်ရင်းက အမျိုးသား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လတ်တလောမှာတော့ စစ်သားတွေဟာ တဲကြီးရွာမှာ တပ်စွဲထားဆဲပဲလို့ ဆိုပါတယ်။

အဲဒီဒေသဟာ စစ်ကောင်စီရဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာခံထားရသလို စစ်ကောင်စီတပ်တွေလည်း စစ်ကြောင်းထိုးနေတာမို့ တဲကြီးရွာ အပါအဝင် ကင်းဝန်၊ ရွာတော်၊ ရွာမ စတဲ့ ရွာပေါင်း ၆ ရွာက ဒေသခံ ၁၀၀၀ ကျော်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်ကလည်း မင်းကင်းမြို့နယ်အတွင်း သံပေါက်၊ ဇင်ကလဲနဲ့ လောင်းပြည့် ရွာသုံးရွာမှာ သုံးရက်အတွင်း အိမ်ပေါင်း ၂၇၀ ကျော် မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီတပ်နဲ့ PDF တပ်တို့ တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org