ဝန်ကြီးဦးဆန်းဆင့်ကို အဂတိ လိုက်စားမှု၊ သံဃာသဘောထား ကွဲစေမှုတို့နဲ့ ဖမ်းဆီးစစ်ဆေးနေ
သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
-
2014-06-19 -
-
-
သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ဝန်ကြီး ဦးဆန်းဆင့်ကို တရားစွဲ လိုက်ကြောင်း နေပြည်တော်အသိုင်း အဝိုင်းက ပြော ပါတယ်။
၂၀၁၃-၂၀၁၄ သာသနာရေးဝန်ကြီးဌာန ဘဏ္ဍာရေးနှစ် အတွက် ဝန်ကြီးဌာနရဲ့ လျာထားချက်မှာမပါတဲ့ လယ်ဝေး မြို့နယ် ယက္ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူဘုရား ထီးတော် တင်ချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ဦးဆန်းဆင့်က မိသားစုအမည်နဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ငွေကျပ်သိန်း ၁၀၀ ကိုသုံးစွဲခဲ့ တယ်လို့ သိရပါတယ်။
ဒီနှစ် ဇန်နဝါရီလအတွင်းက သာသနာရေးဝန်ကြီးဌာနကို ငွေကျပ် ၂၈ သိန်း ပြန်လည်သွင်းခဲ့ပေမဲ့ ကျန်တဲ့ငွေ ကျပ် ၇၂သိန်းကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲတယ်ဆိုပြီး စ ၃ လုံးက တရားလိုပြုပြီး နေပြည်တော်ကောင်စီနယ်မြေ ဘုရားကုန်းရဲစခန်းမှာ တရားစွဲလိုက်တာ ဖြစ်ပါတယ်။
ဦးဆန်းဆင့်ဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ရေးပါတီ ကိုယ်စားလှယ်အဖြစ် ဧရာဝတီတိုင်း ရေကြည် မြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးကောက်ခံရပြီး ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်မယူမီ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက်က ဗိုလ်မှုူးချုပ်ရာထူးနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယစစ်တိုင်းမှူး၊ နောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ စစ်ရာထူးခန့်ချုပ် အထိ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။
အခုတရားစွဲရာမှာ သံဃာနဲ့ သံဃာ့မဟာနာယကအကြား အထင်မြင်လွဲအောင် ဆောင်ရွက်ချက်တွေ ပါဝင်တယ်လို့ သိရပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက မဟာသန္တိသုခကျောင်းတိုက် ဝင်ရောက်စီးနင်း သိမ်းယူမှုနဲ့ ပတ်သက်မှုရှိမရှိ မသိရှိရသေးပါဘူး။