မီဇိုရမ်မှာ ချင်းလူငယ်နှစ်ဦး မူးယစ်ဆေးသယ်ဆောင်မှုနဲ့ ဖမ်းဆီးခံရ

ချင်းလူငယ်နှစ်ယောက်နဲ့ မီဇိုရမ် ဒေသခံလူငယ်တစ်ယောက်ကို မြန်မာကနေ ခိုးသွင်းလာတယ်လို့ ယူဆရတဲ့ မူးယစ်ဆေးတွေ တွေ့ရှိမှုနဲ့ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် အာသံရိုင်ဖယ်တပ်မှသိမ်းဆည်းရမိသည့် မြန်မာနိုင်ငံသားတစ်ဦး တရားမဝင်သယ်လာသော သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရစဉ်။ India Today NE

အိန္ဒိယနိုင်ငံမှာ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ယောက်ဆီကနေ ရူပီးငွေ ခြောက်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီဇိုရမ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အိန္ဒိယသတင်းတစ်ပုဒ်က စက်တင်ဘာ ၁၈ ရက် ရက်စွဲနဲ့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံသား အသက် ၂၆ နဲ့ ၂၃ နှစ်အရွယ် ချင်းလူငယ်နှစ်ယောက်နဲ့ မီဇိုရမ် ဒေသခံလူငယ်တစ်ယောက်ကို မြန်မာကနေ ခိုးသွင်းလာတယ်လို့ ယူဆရတဲ့ မူးယစ်ဆေးတွေ တွေ့ရှိမှုနဲ့ ဖမ်းဆီးထားကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးက ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုက်ဇောလ်မြို့မှာလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်း မော်တော်ယာဥ်နှစ်စီးကို ကြားဖြတ်စစ်ဆေးရာ တစ်စီးဆီကနေ စိတ်ကြွဆေးပြား( Methamphetamine) ၃၂ ကီလိုဂရမ်နဲ့ ဘိန်းဖြူ (heroin) ၂၄၉ ဂရမ်၊ နောက်တစ်စီးထံကနေ စိတ်ကြွဆေးပြား ရှစ်ကီလိုဂရမ်၊ ဘိန်းဖြူ ၅၆၅ ဂရမ် စုစုပေါင်းအမေရိကန်ဒေါ်လာ တစ်သိန်းခွဲ တန်ဖိုးရှိ မူးယစ်ဆေးတွေကို သိမ်းဆည်းရခဲ့တာလို့ ဆိုပါတယ်။ ဒီမူးယစ်ဆေးတွေကို ကားတံခါးဘောင်တွေမှာထည့်ပြီး သယ်ဆောင်လာခဲ့တာလို့လည်း သတင်းက ဖော်ပြပါတယ်။

ဒီစိတ်ကြွဆေးပြားတွေဟာ အားပြင်းပြီး အလွန်အမင်း စွဲလမ်းစေတက်ကာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေတယ်လို့လည်း သတင်းက ဆိုပါတယ်။

သူတို့ကို အိုက်ဇောလ်မြို့မ ရဲစခန်းကိုလွှဲပြောင်းထားပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မတွေအပြင် နိုင်ငံခြားသားများ အက်ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org