ယူနတီဂျာနယ် ဝန်ထမ်းများ လွှတ်ပေးဖို့ စာနယ်ဇင်းကောင်စီ (ယာယီ) တောင်းဆို
2014.02.04

အပတ်စဉ်ထုတ် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် နဲ့ သတင်းထောက် ၄ ဦးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း ရဲ့ လွတ်လပ်မျှတစွာ တရားစီရင်ခံပိုင်ခွင့်အတိုင်း ကျင့်သုံးပေးဖို့နဲ့ အပြစ်မရှိရင် အမြန်ဆုံးလွှတ်ပေး ဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် ယူနတီဂျာနယ် မှာ ပေါက်မြို့နယ်က လျှို့ဝှက် ဓါတုလက်နက်စက်ရုံ သတင်းဆောင်းပါး ပါရှိတာကြောင့် ယူနတီ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦး ကို ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ သဘောထားကို အတွင်းရေးမှုး ဦးကျော်မင်းဆွေက အခုလို ပြောပါတယ်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ကာလမှာ ဖြစ်တတ်တဲ့ ပြဿနာထဲက ပြဿနာတစ်ခုပေါ့၊ ယုံကြည်မှု တည်ဆောက်နေတဲ့ကာလမှာ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းဖြစ်ဖို့ ပြဿနာပိုကြီးထွား မသွားအောင် ဖြေရှင်းကြဖို့ ကျနော်တို့ကလေ့လာတယ်၊ ကျနော်တို့ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးဖို့ အဆင်သင့်ရှိကြောင်းလည်း ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာလည်း ထည့်ထားတယ်၊ နောက် ပြန် ကြားရေးပါမယ်၊ ပြည်ထဲရေးပါမယ်၊ ကာကွယ်ရေးပါမယ်၊ နိုင်ငံတော်သမ္မတရုံးပါမယ်၊ လွှတ်တော်နှစ်ရပ်ကပေါ့နော် သူတို့ပါမယ်”
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ ဘယ်ဘက်က မှားတယ် မှန်တယ် မပြောလိုဘဲ အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်တတ်တဲ့ လက္ခဏာလို့ သုံးသပ်ကြောင်းလည်း ပါရှိပါတယ်။ ဒီလို ပြဿနာမျိုးကို သည်းခံခွင့်လွှတ်မှုနဲ့ မဖြေရှင်းဘဲ အပြစ်တင်လိုမှု၊ အရေးယူအပြစ်ပေးလိုမှု သဘောထားတွေနဲ့ ဖြေရှင်းရင် နှစ်ဘက်အကြား ယုံကြည်မှု ပျက်ပြားသွားနိုင်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
အဲဒီကြေညာချက်ကို နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လွှတ်တော်နှစ်ရပ် ဥက္ကဌတွေဆီ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖေါက်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရပါတယ်။