မြန်မာနဲ့ အမေရိကန် ဆက်ဆံမှု တိုးမြှင့်ရေး ဆွေးနွေး
2016.11.16

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy မြန်မာနိုင်ငံရောက်ရှိနေပြီး မြန်မာ-အမေရိကန် ပထမဆုံးအကြိမ် မိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ် အစည်းအဝေးကို နေပြည်တော်မှာ မနေ့က ကျင်းပပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ကိစ္စရပ်တွေကို ဆွေးနွေးတယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် မြန်မာ အစိုးရက ကြိုးပမ်းနေတဲ့ အရေးကြီးတဲ့နယ်ပယ်တွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ ကို ဆွေးနွေးတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ပညာရေးနဲ့ ကျန်းမာရေး၊ ခရီးသွားလာရေး၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူမှုတိုက်ဖျက်ရေး၊ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးစတဲ့ ကဏ္ဍရပ်တွေလည်း ဆွေးနွေးတယ်လို့ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အစိုးရအချင်းချင်းသာမဟုတ်ဘဲ ပညာရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးကတဆင့် နှစ်နိုင်ငံပြည်သူကြား ဆက်ဆံရေး တိုးမြှင့်ဖို့လည်း ဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စု တရားဝင်ခရီးစဉ်ရဲ့ ရလဒ်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။အစည်းအဝေး ကို မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ နှစ်နိုင်ငံတာဝန်ရှိသူတွေလည်း တက်ရောက်ဆွေးနွေးပါတယ်။
အဲဒီ အစည်းအဝေးမှာ အစိုးရတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူဒါဇင်နဲ့ချီသေဆုံးရတဲ့ ရခိုင်ပြည်နယ် အနောက်ပိုင်းက အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်အောင်ပိုမိုဆောင်ရွက်ပါလို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းခဲ့ကြောင်းလည်း သိရပါတယ်။
မြန်မာအစိုးရအနေနဲ့ ပိုထင်သာမြင်သာရှိဖို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းတဲ့အကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး Elizabeth Trudeau က ပြောပါတယ်။