မုံးကိုးမှာ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်အဖွဲ့ ကြားဖြတ်တိုက်ခိုက်

မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်မှာ စစ်အင်အား ဖြည့်တင်း လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဥ် Photo: The Kokang
မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်းမှာ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီ တပ်ယာဉ်တန်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကို ပြောပါတယ်။
 
မုံးကိုးနဲ့ ဖောင်းဆိုင်ကြားမှာရှိတဲ့ ကွန်ဒါးနယ်မြေမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြာရေးဌာနက ဖော်ပြထားပါတယ်။
 
နိုဝင်ဘာလ ၁ ရက်နေ့ မနေ့က တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ၈ ကြိမ်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး ၄ ကြိမ်ကတော့ စစ်ကောင်စီယာဉ်တန်းတွေကို တိုက်ခိုက်ရင်းဖြစ်ပွားတာလို့ ကိုးကန့်တပ်ဖွဲ့
ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
 
တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မုံးကိုးမြို့နယ်အတွင်းကို စစ်ကားအစီးရေ ၆၀ ကျော်နဲ့ ပစ္စည်းတွေရော လူအင်အားတွေပါ ဖြည့်တင်း၀င်ရောက်လာတာကြောင့် ကိုးကန့်တပ်ဖွဲ့အနေနဲ့ ကြားဖြတ်တိုက်ခိုက်နေရ တာဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။
 
မြန်မာ - တရုတ်နယ်စပ် မုံးကိုးမြို့နယ်ခွဲနဲ့ ပန်ဆိုင်းမြို့နယ်ခွဲအတွင်းမှာ သြဂုတ်လအတွင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် အရပ်သား ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org