ဒဏ်ရာတွေနဲ့ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သားတချို့ကို MNDAA ကယ်ထုတ်

လားရှိုးမြို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အတွင်း သေလုမျောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်သား ၁၃ ဦးကိုကယ်ထုတ်ပြီး ဆေးကုသပေးထားတယ်လို့ (MNDAA) က ထုတ်ပြန်ပါတယ်။

ဒဏ်ရာရသည့် စစ်သုံ့ပန်းများအား ကယ်ထုတ်ပေးခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) မှ ထုတ်ပြန်ထားစဥ်။ The KoKang

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်အတွင်း သေလုမျောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်သား ၁၃ ဦးကိုကယ်ထုတ်ပြီး ဆေးကုသပေးထားတယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က သြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သိမ်းပိုက်ထားပြီးဖြစ်တဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်ဖွဲ့တွေက သြဂုတ် ၈ ရက်နေ့မှာ လိုက်လံစစ်ဆေးချိန် တိုက်ပွဲတွင် စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့ပြီးနောက် ဘန်ကာအောက်မှာ ရက်အတန်ကြာ ပုန်းအောင်းနေတဲ့ ဒဏ်ရာရစစ်သားတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရတဲ့စစ်သားတွေဟာ စားနပ်ရိက္ခာပြတ်နေတာ၊ အအေးမိတာနဲ့ အနာပိုးဝင်တာတွေကို ခံစားနေရပြီး သေလုမျောပါးဖြစ်နေတာကြောင့် နောက်တန်းဆေးရုံကိုပို့ပြီး ဆေးကုသပေးနေတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံတကာ ဥပဒေတွေအရ စစ်ပွဲအတွင်း ဖျားနာ၊ ဒဏ်ရာရာသူတွေ၊ စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကုသမှုနဲ့ အကာကွယ်ပေးဖို့ တာဝန်ရှိပြီး အခြေခံလူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ MNDAA က ပြောပါတယ်။

MNDAA က လားရှိုးမြို့ကို တစ်လကြာ ထိုးစစ်ဆင်ခဲ့ပြီး သြဂုတ် ၃ ရက်နေ့မှာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ လားရှိုးမြို့ တစ်မြို့လုံးကို ထိန်းချုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်း မိသားစုဝင် တစ်ထောင်ကျော်ကို MNDAA ပြန်လွှတ်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org