ကုန်းကြမ်းက စစ်ကောင်စီတပ်ရင်း တစ်ရင်းလုံး လက်နက်ချခဲ့ကြောင်း MNDAA ထုတ်ပြန်
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အနီးမှာရှိတဲ့ ကုန်းကြမ်းမြို့က ခလရ- ၁၂၅ တပ်ရင်းတစ်ခုလုံး နိုဝင်ဘာလ ၂၈ ရက်နေ့က လက်နက်ချခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ထားပါတယ်။
-
ကျော်လွင်ဦး(ဝါရှင်တန်ဒီစီ)
2023-11-29 -
-
-
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အနီးမှာရှိတဲ့ ကုန်းကြမ်းမြို့က ခလရ- ၁၂၅ တပ်ရင်းတစ်ခုလုံး နိုဝင်ဘာလ ၂၈ ရက်နေ့က လက်နက်ချခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ထားပါတယ်။
လူအင်အား ၂၇၂ ယောက်ရှိတဲ့ တပ်ရင်းတစ်ခုလုံး နိုဝင်ဘာလ ၂၈ ရက်နေ့က လက်နက်ချတာလို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောပါတယ်။
"ကုန်းကြမ်းမှာ အခြေချတဲ့ တပ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်လာပါတယ်၊ မိသားစုအပါအဝင် စုစုပေါင်း လူဦးရေကတော့ ၂၇၂ ဦးရှိပါတယ်"
ခလရ ၁၂၅ တပ်ရင်းမှာ တပ်သား (၉၃) ဦး၊ မိသားစုဝင် (၈၆) ဦး၊ တိုက်ခိုက်ရေးဝန်ထမ်း ငါးဦး၊ ရဲဝန်ထမ်း (၁၁) ဦး၊ အခြားဝန်ထမ်းတွေ (၂၇) ဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေအပါအဝင် စုစုပါင်း ၂၇၂ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ခလရ ၁၂၅ တပ်ရင်းမှူးကိုယ်တိုင် MNDAA ဆီမှာ လက်နက်ချအလင်းဝင်မယ့်အကြောင်း ဆွေးနွေး တောင်းဆိုခဲ့ပြီး ဒဏ်ရာရ လူနာတွေကို ကုသကယ်ဆယ်ပေးဖို့နဲ့ မိသားစုဝင်တွေကို နေရာချပေးဖို့ တောင်းဆိုခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို တပ်ရင်းလိုက် စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ နိုဝင်ဘာ ၂၉ ရက်နေ့ စစ်ရေးအခြေအနေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကတစ်ဆင့် သတင်းထုတ်ပြန်ရာမှာတော့… ကုန်းကြမ်းမှာ တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် နေရာရွှေ့ပြောင်းပေးလိုက်ရတာတွေရှိတယ်လို့သာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တပ်ရင်းလိုက် လက်နက်ချတဲ့အခြေအနေကိုတော့ ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။
MNDAA ကတော့ နှစ်ပေါင်း သုံးဆယ်နီးပါး စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကိုးကန့် ကုန်းကြမ်းတပ်စခန်းကို နိုဝင်ဘာ ၂၈ရက်နေ့မှာ အပြီးသိမ်းနိုင်ခဲ့ပြီး ကုန်းကြမ်းမှာရှိတဲ့ စခန်းကုန်းအားလုံးကို သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကုန်းကြမ်းအခြေစိုက် စစ်ကောင်စီစခန်းဟာ ကိုးကန့်ဒေသမှာ ရဟတ်ယာဉ်ကွင်းအပါအဝင် မြေအောက်ခန်းတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ အကြီးဆုံးတပ်စခန်းဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက တည်ဆောက်ထားတာလို့လည်း လီကျားဝင်းက ပြောပါတယ်။
လောက်ကိုင်ဗျူဟာအောက်က တပ်ရင်း သုံးရင်းမှာ နှစ်ရင်း လက်နက်ချလိုက်တာကြောင့် လောက်ကိုင်မြို့ကို ကိုးကန့်တပ်တွေ မကြာခင်သိမ်းနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
"လောက်ကိုင်ကို MNDAA အနေနဲ့ အပိုင်သိမ်းနိုင်ဖို့အတွက်တော့ ရှေ့တစ်လှမ်း ပိုနီးသွားပြီပေါ့ဗျာ၊ ဘာကြောင့်လဲဆိုရင် လောက်ကိုင်ဗျူဟာအောက်မှာ တပ်ရင်း သုံးရင်းရှိတာကို၊ သုံးရင်းရှိတဲ့အနက်မှာ ပထမတပ်ရင်းကလည်း လက်နက်ချပြီးပြီ၊ အခုလည်း လက်နက်ချတယ်ဆိုတော့ လောက်ကိုင်ဗျူဟာအောက်မှာ တပ်ရင်းတစ်ရင်းစာပဲ ရှိတော့မယ်၊ ဒီတစ်ရင်းစာကလည်း လောက်ကိုင်ဗျူဟာစခန်းမှာ ပူးပေါင်းရပ်တည်နေရတယ်၊ တပ်ရင်းနှစ်ရင်းလုံး ဗျူဟာတစ်ခုအောက်မှာ လက်နက်ချတယ်ဆိုရင် ကျန်တဲ့တပ်ရင်းကလည်း လက်နက်ချနိုင်တဲ့ အလားအလာ ပိုများပါတယ်"
ကိုးကန့်တပ်တွေ သိမ်းလိုက်တဲ့ ကုန်းကြမ်းစစ်စခန်းရှိရာ ကုန်းကြမ်းမြို့ဟာ စစ်ကောင်စီက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့လည်း ဖြစ်ပါတယ်။
၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားအရေအတွက် အတိအကျကို မသိရသေးပေမဲ့ ရာနဲ့ချီ ရှိပြီလို့လည်း လီကျားဝင်းက ခန့်မှန်းပါတယ်။
ကိုးကန့်အထူးဒေသ (၁) အတွင်းက စစ်ကောင်စီတပ်စခန်း ၁၈၅ ခု သိမ်းယူထားနိုင်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ပေါင်းရင် စခန်းပေါင်း ၂၀၀ ကျော် သိမ်းနိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့က ကိုးကန့်ဒေသ ကွမ်းလုံမြို့နယ်က အင်အား ၄၁ ယောက်ပါဝင်တဲ့ (ခလရ -၁၄၃) တပ်ရင်းတစ်ရင်းလုံး မြောက်ပိုင်းညီနောင် သုံးဖွဲ့ဆီမှာ လက်နက်ချခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း ကိုးကန့်အထူးဒေသ ရှီးရှမ်းခရိုင်၊ မန်လော်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၁၂၉) တပ်ရင်း တစ်ရင်းလုံး မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို ဆက်သွယ်ပြီး လက်နက်ချ ပူးပေါင်းခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ တပ်ရင်းမှူးအပါအဝင် အင်အား ၁၂၇ ယောက် ပါဝင်ပါတယ်။
အခုလို လက်နက်ချအလင်းဝင်တာတွေဟာ စစ်ကောင်စီဘက်က စစ်ကူမပေးနိုင်တာကြောင့်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီး အောင်မျိုးထက် က သုံးသပ်ပါတယ်။
"သူတို့ စစ်ရှုံးသွားပြီ၊ ဒီအရှုံးကိုလည်း သူတို့လက်ခံနေပြီ၊ ဒါကြောင့်မို့လည်း တချို့အဖွဲ့တွေဆိုရင် အလံဖြူပြဝင်လာတာရှိတယ်၊ သူတို့ကို စစ်ကူ ပစ်ကူမပေးနိုင်ဘူးဆိုတာလည်း သိတယ်၊ အောက်ခြေက စစ်သည်တွေက သိတယ်၊ မင်းအောင်လှိုင်ရဲ့ စစ်တပ်မှာက ဒီအင်အားမရှိတော့ဘူး၊ မရှိတဲ့အတွက်ကြောင့် ရှေ့ကတပ်ရင်းတွေကို ရှေ့ကိုလွှတ်ထားတယ်၊ လွှတ်ပြီးတော့ တိုက်ခိုင်းတယ်၊ နောက်ကနေပြီးတော့ ပစ်ကူတွေပဲ ပေးနိုင်တော့တယ်၊ တကယ်တမ်း စစ်ကူမပေးနိုင်တော့ဘူး၊ ဒါကိုသိသွားတော့ တော်တော်များများက စစ်ကို ဆက်မတိုက်တော့ဘူး "
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ ဖိတ်ခေါ်နေသလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းကောင်းမွန်မွန် ကြိုဆိုနေတာကြောင့် စစ်ခေါင်းဆောင်အတွက် အသက်ပေးတိုက်ခိုက်နေမဲ့အစား ပြည်သူ့ဘက်ခိုလှုံဖို့လည်း CDM ဗိုလ်ကြီး အောင်မျိုးထက် က တိုက်တွန်းပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တစ်လမပြည့်ခင် နိုဝင်ဘာ ၂၁ ရက်နေ့အထိ ပြည်နယ်ငါးခုမှာ စစ်ကောင်စီဘက်က တပ်ရင်း နှစ်ရင်းအပါအဝင် လက်နက်ချ အလင်းဝင်တဲ့ စစ်တပ်နဲ့ ရဲအင်အား သုံးရာလောက် ရှိနေပါတယ်။ ကိုးကန့်တပ်ဖွဲ့ ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရဆိုရင် ကိုးကန့်ဒေသမှာတင် လက်နက်ချတဲ့ တပ်ရင်းသုံးခု အထိ ရှိနေပါပြီ။