MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံကို စစ်ကောင်စီဗုံးကြဲ

စစ်ရေးပစ်မှတ်လည်းမဟုတ်တဲ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲထားတာမရှိဘဲ အရပ်သားတွေနေတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကိုးကန့်ခရိုင် ကွမ်းလုံမြို့နယ် နမ့်ဟူးကျေးရွာအုပ်စု လေကြောင်းမှတိုက်ခိုက်ခံရအပြီး အပျက်အစီးများအား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ The Kokang/ ScreenShot

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့ လူနေရပ်ကွက်တွေပေါ် စစ်ကောင်စီက လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂ဝ ရက်နေ့ မနက် တစ်နာရီဝန်းကျင် လူတွေအိပ်မောကျနေတဲ့အချိန်မှာ ကွမ်းလုံမြို့ နမ့်ဟူးနယ်က အိမ်တွေပေါ် ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေကြဲချခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးပစ်မှတ်လည်းမဟုတ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲထားတာမရှိဘဲ အရပ်သားတွေနေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး၊ နေအိမ်တွေ အများအပြားပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီဟာ ဒေသခံအရပ်သားတွေ နေရပ်ပြန်ပြီး အလုပ်လာမလုပ်ရဲအောင် အခုလိုဗုံးကြဲပြနေတာလို့လည်း MNDAA ကပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့နဲ့ နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သိမ်းပိုက်ခံထားရတဲ့နယ်မြေ‌တွေကနေ လက်နက်ကိုင်အဖွဲ့‌တွေ ပြန်ဆုတ်သွားအောင် လုပ်တာရယ် ပြန်လည်ထူထောင်နိုင်ပြီး ပုံမှန်ပြန်ဖြစ်သွားမှာကို မလိုလားလို့ စစ်ကောင်စီက ဒီလိုဗုံးကြဲနေတာလို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောပါတယ်။

ကွမ်းလုံဗုံးကြဲခံရတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

လားရှိုးကို MNDAA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဟာ အထူးဒေသ(၁)ရှိတဲ့ လောက်ကိုင်၊ ကွတ်ခိုင်၊ သိန္နီနဲ့ လားရှိုးမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org