နမ္မတူကိုသွားမယ့် အစီအစဉ် လူ့အခွင့်အရေးကော်မရှင် ပယ်ဖျက်

လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်မှာ အရင်က နမ္မတူမြို့နယ်က စစ်ရှောင် ဒုက္ခသည် စခန်းတွေကိုသွားရောက်ဖို့ စီစဉ်ထားပေမယ့် လက်ရှိ လုံခြုံရေးအခြေအနေကြောင့် မသွားဖြစ်တော့ဘူးလို့ ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူအခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိလာစဉ် Photo: Kan Thar/ RFA

လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်မှာ အရင်က နမ္မတူမြို့နယ်က စစ်ရှောင်ဒုက္ခသည်စခန်းတွေ ကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် လက်ရှိလုံခြုံရေးအခြေအနေကြောင့် မသွားဖြစ်တော့ဘူးလို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကပြောပါတယ်။

နမ္မတူအနီးမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လုံခြုံရေးအရ မသွားဖြစ်တော့တာလို့ ဦးယုလွင်အောင် ကပြောပါတယ်။

"နမ္မတူနားမှာ မန်တုံဆိုတဲ့ရွာရှိတယ်၊ အဲ့နားမှာ တိုက်ပွဲ ပြီးခဲ့တဲ့သောကြာနေ့လောက်က အကြီးအကျယ်ဖြစ် လိုက်တယ်၊ အခုလည်း ကြိုကြားကြိုကြားဖြစ်နေတယ်ပေါ့၊ ဖြစ်နေတော့ လားရှိုး၊ နမ္မတူလမ်းရဲ့လုံခြုံရေးအရ တပ်ကရော ရဲကရော သူတို့တာဝန်မယူနိုင်ဘူးပေါ့ကွယ်၊ လိုက်ပို့ရမှာက ရဲကလိုက်ပို့ရမှာ တပ်ကကြတော့ တိုက်ပွဲတွေဖြစ်နေတော့ လုံခြုံရေးကို သူတို့တာဝန်ယူလို့မရဘူး၊ အန်ကယ်တို့ ဖြတ်သွားတဲ့အချိန်မှာ TNLA ကတက်ပြီးတော့ တစ်ခုခုလုပ်ရင် အန္တရာယ်ရှိတယ်၊ အဲ့လိုပြောလို့ အန်ကယ်တို့ မသွားဖြစ်တာပါ"

ကော်မရှင်ရဲ့ အခုလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်မှာ လားရှိုးမြို့က မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ အကျဉ်းထောင်၊ အချုပ်ခန်းတွေနဲ့ သီပေါမြို့က အကျဉ်းထောင်၊ အချုပ်ခန်းတွေနဲ့ နမ္မတူက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ စီစဉ်ထားခဲ့တာပါ။

ကော်မရှင်ဟာ သြဂုတ်လ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့မှာတော့ လားရှိုးမြို့က မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေနဲ့ သီပေါ အကျဉ်းထောင်၊ အချုပ်ခန်းတွေကို သွားရောက်စစ်ဆေးခဲ့ပြီး အကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့သလို အကျဉ်းထောင်အတွင်း စားဝတ်နေရေး အခြေအနေတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် သီပေါအကျဉ်းထောင်မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ  ၁၇ (၁)နဲ့ တရားစွဲဆိုပြီး ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃ ဦးနဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

လာမယ့် သြဂုတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာတော့ လားရှိုးမြို့က အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေကို သွားရောက်စစ်ဆေးမယ်လို့ သိရပါတယ်။

လက်ရှိ လားရှိုးက မိဘမဲ့ဂေဟာတွေနဲ့ ဘိုးဘွားရိပ်သာတွေ၊ သီပေါမြို့က အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေကို စစ်ဆေးပြီးသလောက်တော့  လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြဿနာကြီးကြီးမားမား မတွေ့ခဲ့ရဘူးလို့ ဦးယုလွင်အောင် က ဆိုပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒီခရီးစဉ်က မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေ ဖမ်းဆီးခံထားရသူတွေနဲ့  တွေ့ဆုံမေးမြန်းရာမှာ သူတို့ရဲ့ ပြောကြားချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတရုံး အစရှိတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အစိုးရအဖွဲ့အဆင့်ဆင့်ကို သင့်လျော်သလို တင်ပြသွားမှာဖြစ်တယ်လို့ ဦးယုလွင်အောင် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org