မိုခါနဲ့ နာဂစ်မုန်တိုင်း ပြင်းအားတူနေတာကြောင့် အန္တရာယ်ရှိကြောင်း မိုးဇလပြော
မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီမိုင် ၁၃၀ နီးပါးရှိတာကြောင့် နာဂစ်မုန်တိုင်း ပြင်းအားနဲ့တူနေတယ်လို့ မိုးဇလက ပြောပါတယ်။
-
RFA Burmese
2023-05-12 -
-
-
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့ မနက်မှာ ဝင်ရောက်တိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီမိုင် ၁၃၀ နီးပါးရှိတာကြောင့် ဒါဟာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းရဲ့ ပြင်းအားနဲ့တူနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
ရခိုင်ဒေသမှာ လတ်တလော လေငြိမ်နေတာဟာ မုန်တိုင်းကြောင့်ဖြစ်ပြီး ဒါဟာ အန္တရာယ်ရှိတဲ့အခြေအနေဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက RFA ကို ဒီနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။
"အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်သွားပါပြီ။ ၁၄ရက်နေ့ မနက်နဲ့ မွန်းလွဲပိုင်းကို ဝင်မယ်လို့ ခန့်မှန်းပါတယ်။ အခုက အားကလည်း ကောင်းလာတယ် ဆိုတော့ မိုင် ၁၃၀ နီးပါး တိုက်မယ်ဆိုတော့ ဒါက နာဂစ်မုန်တိုင်းရဲ့ ပြင်းအားလောက် သွားတူတာပေါ့။ မုန်တိုင်းရဲ့ တိမ်တိုက်တွေက လောလောဆယ် အဲဒီဘက်ကို မရောက်သေးဘူး၊ ရောက်နေတာက မြစ်ဝကျွန်းပေါ်ဒေသမှာပေါ့။ လေငြိမ်နေတယ်ဆိုတဲ့ သဘောကတော့ မုန်တိုင်းလာမှာမလို့ ငြိမ်နေတာပေါ့၊ အန္တရာယ်ရှိတယ်လို့လည်း ပြောရမှာပေါ့။ ဆူနာမီမလာခင် ပင်လယ်ရေတွေကျသွားတဲ့ သဘောမျိုးပေါ့နော်"
မုန်တိုင်းဝင်ရောက်ဖြတ်ကျော်မယ့် ဒေသတွေအနေနဲ့ မုန်တိုင်းအဆင့် သတိပေးချက်တွေကို အဆက်မပြတ် နားထောင်တာ၊ အရေးပေါ် ဆေးဝါးနဲ့ အသုံးအဆောင်တွေကို ကြိုပြင်ဆင်တာမျိုး လုပ်ရမယ်လို့ ဆိုပါတယ်။
မိုခါမုန်တိုင်းဝင်ရောက်ဖို့ နာရီ ၄၀ နီးပါး အချိန်ရသေးတာကြောင့် ပင်လယ်ကမ်းရိုးတန်း အနီးမှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အချိန်လုံလောက်တယ်လို့ သူက ပြောပါတယ်။
နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံစားရခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ လပွတ္တာမြို့ကိုတော့ ကမ်းနီး၊ ကမ်းဝေးက မိုခါမုန်တိုင်းရှောင်ဖို့ လူ ၈၀၀၀ ကျော် ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းရဲ့ အနောက်နဲ့ အနောက်တောင် ဘက် ရေမိုင် (၃၁၀)မိုင်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၀၀)မိုင်၊ စစ်တွေမြို့ရဲ့ တောင်နဲ့ အနောက်တောင်ဘက် ရေမိုင်(၄၉၅) မိုင်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်နဲ့ အနောက်မြောက်ဘက် ရေမိုင် (၂၉၀) မိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar) ရဲ့ တောင်နဲ့အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်က ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။