မုန်တိုင်းသင့်ဒေသကူညီရေး ခွင့်ပြုချက်စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း UN OCHA ပြော

မိုခါ မုန်တိုင်းသင့်ဒေသတွေမှာ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေသွားလာခွင့်အတွက် အာဏာပိုင်တွေထံကနေ အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မိုခါ မုန်တိုင်းသင့်ဒေသများအတွက် ကူညီထောက်ပံ့ရေးပစ္စည်း များအား ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ သိကြားစေချင်ငွေသဇင်

မိုခါ မုန်တိုင်းသင့်ဒေသတွေမှာ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် အာဏာပိုင်တွေထံကနေ အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က မနေ့က ထုတ်ပြန်ပါတယ်။

ယခင်ရရှိထားတဲ့ ခွင့်ပြုချက်နဲ့ အသင့်ရှိနေတဲ့ အမိုးအကာ၊ ရေနဲ့ သန့်ရှင်းရေး အကူအညီတွေ၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေကို လက်လှမ်းမီရောက်ရှိနိုင်တဲ့ နေရာတိုင်းမှာ ကူညီပံ့ပိုးနေရတယ်လို့လည်း ဆိုပါတယ်။

မုတ်သုံရာသီဝင်လာပြီဖြစ်လို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ အချိန်လုပြီး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က နေရာတချို့က မုန်တိုင်းဒဏ်သင့် လူဦးရေ ၁ ဒသမ ၆ သန်းကို ကူညီဖို့အတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့လည်း UN OCHA က ဆော်ဩထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေက မုန်တိုင်းဒဏ်သင့် ရပ်ရွာလူထုအားလုံးကို ပံ့ပိုးကူညီဖို့ အဆင်သင့်ရှိနေပေမယ့် ထိထိရောက်ရောက် ဝင်ရောက်ကူညီခွင့်တွေ ပိုမိုရရှိဖို့၊ ထောက်ပံ့ရေးပစ္စည်းနဲ့ ရန်ပုံငွေတွေ တိုးမြှင့်ရရှိဖို့လည်း လိုအပ်နေတယ်လို့ UN OCHA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org