မိုခါမုန်တိုင်းသင့်ဒေသ နိုင်ငံတကာအကူအညီပိတ်ပင်ခံရမှုကြောင့် အခြေအနေပိုဆိုးလာနိုင်

မုန်တိုင်းဒဏ်သင့် ဒေသတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ (UN OCHA) က ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သည်ရွာအား ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။

မုန်တိုင်းဒဏ်သင့် ဒေသတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ကူညီထောက်ပံ့ပေးနေပေမယ့် စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဇွန်လ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဇွန်လ ၇ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်အတွင်း သွားလာခွင့် ပိတ်ပင်ထားခဲ့ပြီးနောက် လူသားချင်းစာနာမှု အကူအညီတွေ ရပ်ဆိုင်းခံရတာနဲ့ ပတ်သက်လို့ UN OCHA က ထောက်ပြလာတာပါ။

အခုလို လူသားချင်းစာနာမှုအကူအညီတွေ ပိတ်ပင်ခံရတာကြောင့် လူထောင်ပေါင်း များစွာကို အကူအညီတွေ မရောက်ရှိနိုင်တော့ဘူးလို့ OCHA က ဆိုပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၁ မြို့နယ်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ အဆိုပြုထားတဲ့ အစီအစဉ်တွေဟာလည်း ဆိုင်းငံ့ခံထားရပြီး ချင်းပြည်နယ်အတွက်လည်း အလားတူ ဆိုင်းငံ့ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UN OCHA အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ မုန်တိုင်းဒဏ်သင့်ပြည်သူ တစ်သိန်းတစ်သောင်း ကျော်ကို အမိုးအကာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အကူအညီပေးနိုင်ခဲ့ပြီး လူပေါင်း သုံးသိန်း နီးပါးကို အစားအသောက်ကူညီ ထောက်ပံ့နိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ UNOCHA ရဲ့ ယာယီအကြီးအကဲ Ms.Danielle တို့ဟာ ဒီမတိုင်ခင် မေလ ၃၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုရှိခဲ့ပါသေးတယ်။

မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နဲ့ မြေပုံမြို့နယ်တွေမှာ ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၄၈ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org