တိမ်ညို ဒုက္ခသည်စခန်းမှာ နေအိမ်တွေ ပြန်လည် ထူထောင်ဖို့ အခက်အခဲ ရှိနေ

မြောက်ဦးမြို့နယ်၊ တိမ်ညိုဒုက္ခသည်စခန်းမှာ မိုခါမုန်တိုင်းကြောင့် နေအိမ် ၇၀၀ နီးပါး ပျက်စီးခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။

မုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးသွားသည့် တိမ်ညိုဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ ဦးစိုးနိုင်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုဒုက္ခသည်စခန်းမှာ မိုခါမုန်တိုင်းကြောင့် နေအိမ် ၇၀၀ နီးပါး ပျက်စီးခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးမှာ အခက်အခဲတွေ ရှိနေတယ်လို့ တိမ်ညိုဒုက္ခသည်စခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစခန်းမှာ နေအိမ် ၇၇၃ လုံးရှိရာမှ ၈၈ လုံးသာ ကျန်ရှိနေခဲ့ပြီး ကျန်နေအိမ်တွေအားလုံး မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဖြစ်တာကြောင့် အလုပ်အကိုင် အတည်တကျမရှိလို့ နေအိမ်တွေကို အသစ်ပြန်ဆောက်ဖို့ ခက်ခဲနေတယ်လို့ တိမ်ညိုဒုက္ခသည်စခန်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ယူထားတဲ့ ဦးစိုးနိုင်က RFA ကို ပြောပါတယ်။

"အခုက အရမ်းကိုခက်ခဲတဲ့ အခြေအနေပါ၊ စခန်းတစ်ခုလုံးရဲ့ နေအိမ်တွေ တော်တော်များများ ပျက်စီးပြိုလဲသွားပါတယ်။ ကျန်နေခဲ့တဲ့ နေအိမ် ၈၈ လုံးကလည်း မပျက်စီးတာ မဟုတ်ဘူး၊ ပျက်စီးတယ် အကုန်မပြိုလဲသွားတာပဲရှိတာ။ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးတွေ အရမ်းကို ခက်ခဲနေတယ်။ လှူမယ့်လူလည်း နည်းတော့ မိုးထပ်မလာခင် နေအိမ်တွေ ပြန်ဆောက်နိုင်ပါ့မလားတောင် မသိတော့ဘူး"

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တိမ်ညိုဒုက္ခသည်စခန်းကို နိုင်ငံတကာက ကူညီထောက်ပံ့ ပေးနေတဲ့ စားနပ်ရိက္ခာတွေလည်း ရပ်တန့်လိုက်တာကြောင့် စားဝတ် နေရေးတွေလည်း အဆင်မပြေဘူးလို့ ဆိုပါတယ်။

တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းဟာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးပဋိပက္ခတွေ ကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ တည်ဆောက်ခဲ့တာပါ။

အဲဒီဒုက္ခသည်စခန်းမှာ လက္ကာ၊ ပေါက်တောပြင်၊ ပေါက်ပင်ကွင်း၊ ဝေသာလီနဲ့ ပလက်ဝ အထက်ပိုင်းမှာရှိနေတဲ့ ကျေးရွာတွေအပါအဝင် မြောက်ဦးမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာက ဒုက္ခသည် ၃,၀၀၀ နီးပါး ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းလည်း ဖြစ်ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org