ရခိုင်မှာ မုန်တိုင်းသင့်လူပေါင်း ခြောက်သိန်းကျော်အတွက် အမိုးအကာတွေလိုအပ်နေ

အကူအညီလိုအပ်နေသူတွေဆီ သွားရောက်အကူအညီပေးနိုင်ဖို့ စစ်ကောင်စီဘက်က ခွင့်ပြုချက်ပေးမဲ့အချိန်ကို စောင့်ဆိုင်းနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် နေထိုင်သူတစ်ဦး နေအိမ်ပြန်လည်ပြုပြင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံခြောက်သိန်းငါးသောင်းကျော် အမိုးအကာအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

မုန်တိုင်းထဲ နေအိမ်တွေပါသွားလို့ နေစရာအိမ်မရှိတဲ့သူတွေဟာ လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် ပိုပြီးခက်ခဲနေတယ်လို့ ဆိုပါတယ်။

ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ ကြိုးစားနေပေမဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေရှိနေတာကြောင့် အနည်းငယ်ပဲ လုပ်နိုင်တယ်လို့ ကုလဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR) ရဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ပါပါတယ်။

ရခိုင်ဒုက္ခသည်တွေသာမက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း လွတ်လွတ်လပ်လပ်သွားလာခွင့်မရလို့ ကူညီထောက်ပံ့ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

လိုအပ်နေသူတွေဆီ သွားရောက်အကူအညီပေးနိုင်ဖို့ စစ်ကောင်စီဘက်က ခွင့်ပြုချက်ပေးမဲ့အချိန်ကို စောင့်ဆိုင်းနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လက်ရှိမှာ လူပေါင်းတစ်သိန်းကျော်အတွက်ပဲ နေအိမ်အမိုးအကာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ ကူညီပေးထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org