မိုခါမုန်တိုင်းဒဏ်ခံရသူတွေကို အရေးတကြီးကူညီဖို့ ကုလသမဂ္ဂပြော

မြန်မာနိုင်ငံမှာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေရာဒေသတွေကို အခုအချိန်အထိအကူအညီ အနည်းငယ်မျှသာ ပေးပို့နိုင်သေးတယ်လို့ ကုလက ဇွန်လ ၂ရက်နေ့မှာ ပြောလိုက်ပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်ကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် တွေ့ရစဉ်။ RFA

မြန်မာနိုင်ငံမှာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့နေရာဒေသတွေကို အခုအချိန်အထိ အကူအညီ အနည်းငယ်မျှသာ ပေးပို့နိုင်သေးတယ်လို့ ကုလသမဂ္ဂက ဇွန်လ ၂ရက်နေ့မှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် Titon Mitra က “ပျက်စီးထိခိုက်မှုက အင်မတန်ကြီးမားပါတယ်။ ဆက်သွယ်ရေးတာဝါတိုင်တွေကျိုးကျတယ်၊ ကွန်ကရစ်တိုင်တွေ နှစ်ခြမ်းကွဲတယ်၊ အနှစ် ၁ဝဝ ကျော်သက်တမ်းရှိတဲ့ သစ်ပင်တွေပြိုလဲတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒုက္ခသည်တွေကို အစားအစာ အနည်းငယ် ဝေမျှခဲ့ပေမယ့် အများကြီးထပ်မံပေးပို့ ကူညီဖို့လိုနေပြီး မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ နေရာတွေကို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ သွားခွင့်ရဖို့လိုအပ်ပြီး လူဦးရေ တစ်သန်းခွဲကျော် အကူအညီလိုအပ်နေတယ်လို့လည်း ကုလအရာရှိက ပြောပါတယ်။

မုန်တိုင်းကြောင့် အိမ် ခုနစ်ထောင်ကျော်ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ မိုခါမုန်တိုင်းသင့်ပြည်သူတွေကို ကူညီဖို့ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေ ဖိတ်ခေါ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org