တခြားဘာသာဝင်တွေရဲ့ ပွဲတော်ကို အခုလိုတားမြစ်ပိတ်ပင်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို ဒီလုပ်ရပ်ဟာ ဥပဒေမဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် က RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ စမ်းချာင်းမြို့နယ် ရှမ်းကုန်းလမ်းမှာ ကျင်းပခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးပွဲတော် တစ်ခုဖြစ်တဲ့ တမန်တော်နေ့ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားပွဲကို အမျိုးသားရေးလှုပ်ရှားတဲ့ သံဃာတော်အပါး ၃၀ ခန့် အပါဝင် လူဦးရေ ၅၀ ခန့်ဟာ မနေ့ ညနေပိုင်းမှာ လာရောက်တားမြစ်ခဲ့ပြီး အငြင်းပွားမှု ဖြစ်ခဲ့တဲ့အပေါ် RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီလို ပြောလိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က မန္တလေးမြို့ မြဝတီ မင်းကြီးဆရာတော် အရှင်ဦးအရိယဝံသ ဘိဝံသက ကို လျှောက်ထားမေးမြန်းရာမှာ အဲဒီလို အပြုအမူမျိုး လုပ်တဲ့သူတွေဟာ ဗုဒ္ဓဘာသာကို အိုးမဲသုတ်နေတဲ့အဖွဲ့ ဖြစ်တယ်လို့ မိန့်ကြားပါတယ်။
မနေ့က တမန်တော်နေ့ အခမ်းအနားကို လာရောက်တားမြစ်ခဲ့တဲ့ မျက်နှာဖုံးစွပ်ထားသူတွေထဲမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့မှာ အစိုးရဖြုတ်ချရေး ဆန္ဒပြတောင်း ဆိုသူတွေ ပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူတချို့ ပါဝင်တယ်လို့ သိရပါတယ်။
ပွဲကို တားမြစ်တဲ့သူတွေထဲမှာ သံဃာတော်အပါး ၃၀ ခန့်ပါဝင်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ် ၂၀ ကျော်ပါဝင်ပါတယ်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းမှာ အစ္စလာမ် ဘာသာရေး ပွဲတော်တစ်ခုဖြစ်တဲ့ တမန်တော်နေ့ နှစ် ၅၀ ပြည့် ရွှေရတုအခမ်းအနားပွဲကို ကျင်းပရာမှာ အမျိုးသားရေးလှုပ်ရှားတဲ့ သံဃာတော်အပါး ၃၀ ခန့်နဲ့ လူဦးရေ ၂၀ ခန့်ဟာ မနေ့ ညနေပိုင်းမှာ လာရောက်တားမြစ်ခဲ့ပြီး အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။
တမန်တော်နေ့ အခမ်းအနား ဦးဆောင် ကျင်းပသူ ဦးမောင်မောင်စိုးက ဥပဒေရဲ့ အကာအကွယ်ကိုလည်း လိုချင်ကြောင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။
"ကျနော် ပွင့်ပွင့်လင်းလင်းပြောမယ်၊ ကျနော်တို့ မြေနိမ့်ရာ လှံစိုက်နေတာ ကျနော်တို့ လူနည်းစုပေါ်မှာ ဒါမတရား အနိုင်ကျင့်တယ်လို့ ပြတ်ပြတ်သားသား ကျနော်ပြောရဲတယ်၊ ဒါကတော့ အစွန်းရောက်တွေလုပ်တဲ့ကိစ္စပါ ဗုဒ္ဓဘာသာတိုင်းမဟုတ်ပါဘူး၊ ကျနော့်နားထဲမှာ ကြားတဲ့စကားတွေက အခြေအမြစ်မရှိတဲ့ လူတစ်ယောက် ပြောသွားတဲ့စကားမျိုးတွေ ပြောသွားတယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားရေးတက်ကြွလှုပ်သူတွေနဲ့အတူ လုံခြုံရေးယူထားပြီး ရပ်ကွက်နေပြည်သူတွေနဲ့ သတင်းမီဒီယာတွေကို ဝင်ခွင့်မပေးခဲ့ပါဘူး။အဲဒီအခမ်းအနားမှာ ဟောပြောပေးဖို့အတွက် စာရေးဆရာ ထင်လင်းဦးကိုလည်း ဖိတ်ထားပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက တားမြစ်တဲ့အတွက် ဆရာထင်လင်းဦး ကို မဖိတ်ကြားနိုင်ခဲ့ဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။"
အဲဒီလိုလာရောက်တားမြစ်မှုတွေ ပြုလုပ်သူတွေဟာ ဗုဒ္ဓဘာသာကို အိုးမဲသုတ်နေတဲ့အဖွဲ့ဖြစ်တယ်လို့ မန္တလေးတိုင်း မြဝတီ မင်းကြီးဆရာတော် အရှင်ဦးအရိယဝံသဘိဝံသ က မိန့်ကြားပါတယ်။
"တော်တော်စိတ်မကောင်းစရာလည်းဖြစ်တယ်၊ ရှက်စရာလည်းဖြစ်တယ်၊ ဗုဒ္ဓဘာသာထဲမှာကို ဗုဒ္ဓဘာသာကို ပျက်စီးအောင် နာမည်ပျက်အောင် အမြင်လွဲအောင် ဒီလိုမျိုးအိုးမဲသုတ်နေတယ်၊ ဘုရားမျက်နှာ အိုးမဲသုတ်နေ တယ်လို့ ဘာသာမျက်နှာကို အိုးမဲသုတ်နေတဲ့ အုပ်စုတွေလို့ ဘုန်းကြီးမြင်တယ်ပေါ့နော်၊ ဒါမျိုးက လူသတ်တဲ့ အခါမျိုးတွေမှာ စွပ်တာလေ၊ အဲဒါ သူတို့က မကောင်းတဲ့ဟာကြီးကို အကြီးအကျယ်လုပ်တယ်၊ လူမြင်မခံရဲဘူး ဆိုတဲ့ အဓိပ္ပါယ်ဆောင်နေပြီ၊ ဒီမျက်နှာ ဖုံးစွပ်တာကိုက ရှက်စရာကောင်းတယ် ဘာသာရေးကို ဗန်းပြပြီးတော့ ဘာသာရေးကို အကာအကွယ်ယူပြီးတော့ ဗုဒ္ဓဘာသာရဲ့ နာမည်ကို တော်တော်ဖျက်ဆီးနေတဲ့ အုပ်စုတွေပဲ"
မနေ့က တမန်တော်နေ့ အခမ်းအနားကို လာရောက်တားမြစ်ခဲ့တဲ့ မျက်နှာဖုံးစွပ်ထားသူတွေထဲမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့မှာ အစိုးရဖြုတ်ချရေး ဆန္ဒပြတောင်းဆိုသူတွေပါဝင်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ အချို့ပါဝင်ပါတယ်။
လူ့အခွင့်အရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က အခြားဘာသာဝင်တွေရဲ့ ပွဲတော်ကို အခုလိုတားမြစ်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ပြောလိုက်ပါတယ်။
"ဥပဒေပိုင်းဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက တားတယ်ဆိုရင်တော့ ဒါကတော့ သူ့မှာ အကြောင်းရှိပါလိမ့်မယ်၊ ဒါကိုတော့ အန်ကယ်တို့က ဘာမှမပြောလိုဘူးလေ၊ မျက်နှာဖုံးတပ်ထားတဲ့သူပြောတာ ဒါကတော့ ဥပဒေမဲ့ လုပ်တာပေါ့လေ၊ ဒါကတော့ မဖြစ်သင့်တဲ့ကိစ္စပါပဲ၊ ဒါပေမဲ့ တားမြစ်တယ်ဆိုတဲ့နေရာမှာ မျက်နှာဖုံးစွပ်ပြီးတော့ ခိုးကြောင် ခိုးဝှက်တားတာက မကောင်းဘူးပေါ့လေ၊ တာဝန်ရှိတဲ့သူ ရဲတပ်ဖွဲ့တို့က တားတာကတော့ သူ့မှာ အဓိပ္ပါယ်ရှိပါလိမ့်မယ်၊ ဒါတွေကိုတော့ ဝေဖန်လို့မရဘူးပေါ့နော်၊ သူများကိုးကွယ်တဲ့ဘာသာကို နှောင့်ယှက်တယ် ဆိုတာကတော့ လူ့အခွင့်အရေး ထိခိုက်တာပေါ့နော်၊"
အဲဒီလိုတားမြစ်တာကြောင့် ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းဖြေရှင်းခဲ့ကြပြီး ပွဲကို ဆက်လက်ကျင်းပ ခဲ့ကြပါတယ်။
တမန်တော်နေ့ အခမ်းအနားကို ၁၉၇၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ၄၈ ကြိမ်မြောက်ဖြစ်သွားပြီလို့ သိရပါတယ်။
တချိန်တည်းမှာလည်း ဗိုလ်တထောင်မြို့နယ် ၅၉ လမ်းက ဆုတောင်းပြည့် အစ္စလာမ့်ဝတ်ကျောင်းတော် ဗလီမှာလည်း တမန်တော်နေ့ အခမ်းအနားကို ဗလီအတွင်းကျင်းပဖို့ ဆောင်ရွက်ထားပေမယ့် ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်တဲ့အတွက် ကျင်းပခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
နှစ်စဉ်ကျင်းရမယ့် အခမ်းအနားကို ကျင်းပခွင့်မရခဲ့တာဟာ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို ထိခိုက်တယ်လို့ ဗိုလ်တထောင်မြို့နယ် ၅၉ လမ်း ဗလီ ဘာသာရေးခေါင်းဆောင် ဦးဆန်းအောင် က ပြောပါတယ်။
"ခံဝန်လက်မှတ်ထိုးပါဆိုပြီး လက်မှတ်ထိုးခိုင်းလိုက်တဲ့အတွက်ကြောင့် လက်မှတ်ထိုးပြီး ပွဲဖျက်လိုက်ရပါတယ်၊ တကယ်တော့ စိတ်တော့မကောင်းဘူးပေါ့ဗျာ၊ ဘာသာရေးပိတ်ပင်မှုတော့ ဖြစ်တယ်ဗျ၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို ထိခိုက်ပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းချက်တွေမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသားမရှိဘူးဗျ၊ ဥပမာဆိုရင် ဒီလိုလုပ်မယ်ဆိုရင် ဘယ်လောက်ဖြစ်ရမယ်၊ ဘာရမယ်ဆိုတာ တိတိကျကျ ပြဌာန်းထားခြင်း မရှိသေးဘူးဗျ၊ အဲအပေါ်မှာ ကျနော်တို့ကတော့ နှစ်စဉ် နှစ်တိုင်း လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်သွားတာပဲ၊ နောက်ပိုင်းမှာ တိတိကျကျလုပ် မင်းတို့ ဗလီထဲလုပ်တာလည်း တင်ရမယ်ဆိုရင် သူတို့စာ ထုတ်ပေးဖို့တော့ လိုလိမ့်မယ်လေ"
ဗိုလ်တထောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင်စိုးက
"သူတို့ဗလီမှာပဲ သူတို့လုပ်တယ်ဆိုတာတော့ အမှန်တကယ်လုပ်ခွင့်ပြုရမှာပေါ့၊ သူတို့ဆုတောင်းပွဲလေ သူတို့ဘာသာ တရားပဲ၊ အခုဘာသာပေါင်းစုံ ချစ်ကြည်ရေးတောင်မှလုပ်တာ၊ ဒါကျမှ ခွင့်မပြုဘူးဆိုတော့ ကျမ နားတောင်မလည်ဘူး အများကြီးဖြစ်နိုင်တာပေါ့၊ အခုနကပြောသလိုပေါ့၊ ကျမတို့ ကူညီအားပေးစောင့်ရှောက်တဲ့ ဘာသာပေါင်းစုံပါကြတာပဲ၊ အဲတော့ အဲလူတွေက စိတ်ပျက်ပြီးတော့မှ ကျမတို့ကို အားပေးကူမှုတွေ လျော့သွားအောင် နောက်တစ်ခုက ဒီအစိုးရကို ယုံကြည်မှုပျက်ပြားသွားအောင် လုပ်တာမျိုးတွေလည်း ဒါအများကြီးဖြစ်နိုင်တယ်"
ဗိုလ်တထောင်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် YMCA ခန်းမမှာ ကျင်းပခဲ့တဲ့ တမန်တော်အနေ့ အခမ်းအနားကိုလည်း သံဃာတော်တွေ လာရောက်တားမြစ်တာတွေ ရှိခဲ့ပါတယ် ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။