မိုးမိတ်မှာ စစ်ရေးတင်းမာလို့ ဒေသခံတစ်ထောင်ကျော် ထွက်ပြေး
မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတစ်ထောင်ကျော် ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-06-12 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတစ်ထောင်ကျော် ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၉ ရက်နေ့ကစလို့ မိုးမိတ်မြို့ပေါ် ရပ်ကွက်တွေအပါအဝင် အနီးအနားရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြတာပါ။
တိုင်းရင်းသားလက်နက်ကိုင်တွေက မိုးမိတ်မြို့ကို သိမ်းယူမယ်လို့ သတင်းထွက်နေသလို မြေပြင်မှာ စစ်ရေးလှုပ်ရှားမှုတွေပါ ရှိနေတာကြောင့် အရပ်သားတွေ ထွက်ပြေးကြတာလို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ပတ်ပတ်လည်မှာကို အများကြီးပဲ တိုင်းရင်းသားအဖွဲ့တွေ ရောက်နေတာ။ ပြန်ဖြစ်တော့မဲ့ပုံစံဖြစ်နေတော့ မနေရဲတော့ဘူးလေဗျာ။ အရင်လည်း ဖြစ်ထားတော့ ပြေးကြတာပေါ့”
မိုးမိတ်မြို့နယ် ပန်တင်နဲ့ မန်ပိန်းကျေးရွာကြားက TNLA တပ်စခန်းကို ဇွန်လ ၉ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်းစစ်ရေးတင်းမာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းမှာ မြို့ပေါ်ကကျောင်းတွေပါ ပြန်ပိတ်ထားတယ်လို့ မိုးမိတ်မြို့ခံနောက်တစ်ဦးက ပြောပါတယ်။
“မိုးမိတ်က အရင်တိုက်ပွဲ ဖြစ်ပြီးကတည်းက လူတွေ အကုန်ပြန်မရောက်သေးဘူးဗျ။ အခုမှ ပြန်စည်ကားမလို့ ရှိသေးတယ်။ အခုက တော်လှန်ရေးအဖွဲ့တွေဘက်က စစ်ရေးပြင်တာရော စစ်ကောင်စီကလည်း လေယာဉ်နဲ့ ဗုံးကြဲတာရောဆိုတော့ အခုပြန်ပြေးကြတာပေါ့။ ကျောင်းတွေလည်း ပြန်ပိတ်လိုက်တယ်။ သတင်းတွေက အမျိုးမျိုးထွက်နေတော့လေ”
ဒေသခံအများစုကတော့ မြို့အနီးအနားကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီ ထွက်ပြေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီ ရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မိုးမိတ်မြို့ပေါ်မှာ စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်းတချို့ကို ဇန်နဝါရီလ ၁၈ ရက်ကနေ ၂၁ ရက်အထိ KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်စစ်ကောင်စီဘက်က လေကြောင်းရော မြေပြင်ကနေပါ ပြန်လည် တိုက်ခိုက်ခဲ့တာကြောင့် KIA တပ်ဖွဲ့တွေ မိုးမိတ်မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။