NCA မှာ လက်မှတ်ထိုးဖို့ ကြိုးစားမယ်လို့ မွန်ပြည်သစ်ပါတီပြော

လာမယ့် တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမကျင်းပခင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစား သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။

မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တွေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တို့ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် Photo: Kyaw Lwin Oo/ RFA

လာမယ့် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမကျင်းပခင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားသွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ မွန်ပြည်သစ် ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ဇွဲယျ နဲ့ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှတို့ တွေ့ဆုံပြီးနောက် နိုင်ဝင်းလှ က ပြောတာဖြစ်ပါတယ်။

ဒီနေ့ တေ့ွဆုံပွဲမှာ မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က NCA စာချုပ်မှာ အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးဖို့ မွန်ပြည်သစ်ပါတီကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီက NCA မှာလက်မှတ်ရေးထိုးဖို့ အချိန် ၃ လပေးဖို့နဲ့ ၃ လပြည့်ရင် တိကျတဲ့ အဖြေတစ်ခုထွက် မယ်လို့ ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မွန်ပြည်သစ်ပါတီက UNFC အဖွဲ့ဝင်တွေပါ အတူလက်မှတ်ရေးထိုးဖို့ ဆန္ဒရှိနေပြီး ကျန်အဖွဲ့တွေကိုပါ စည်းရုံးနေ ရကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ နှစ်ဖက်ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးရေးတွေမှာ အတူလုပ်ဆောင်ဖို့ သဘောတူ ခဲ့တယ်လို့ သိရပါတယ်။

အစိုးရသစ်လက်ထက်မှာ မွန်ပြည်သစ်ပါတီဟာ အရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး လက်ထက်မှာ တစ်ကြိမ် တေ့ွဆုံခဲ့သလို ဝန်ကြီးချုပ် ဒေါက်တာအေးဇံလက်ထက်မှာ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းလည်း တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်တောင်းထားပြီး အတိုင်ပင်ခံဘက်က တွေဆုံဖို့ သဘောတူထားပေမယ့် ဘယ်နေ့တွေ့ဆုံခွင့် ရရှိမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org