မွန်ပါတီသစ် ၁ ခု ပေါ်ပေါက်လာ

မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းပြီး "မွန်ပါတီ" အဖြစ် တစ်ပါတီတည်းအနေနဲ့ စုပေါင်းတည်ထောင် သွားမယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့ တော်ဝင်ဟင်္သာဟိုတယ်မှာ မွန်ကိုယ်စားပြုပါတီ ဖြစ်မြောက်ရေး စုပေါင်းသဘောတူ လက်မှတ်ရေးထိုးပွဲကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့စဉ် .

မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းပြီး "မွန်ပါတီ" အဖြစ် တစ်ပါတီတည်းအနေနဲ့ စုပေါင်းတည်ထောင်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ မော်လမြိုင်မြို့ တော်ဝင်ဟင်္သာဟိုတယ်မှာ ပါတီပေါင်းစည်းရေးအတွက် မွန်ပါတီကြီး ၂ ခုနဲ့ မွန်ကိုယ်စားပြု ပါတီ ဖြစ်မြောက်ရေးအဖွဲ့ဟာ စုပေါင်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး မွန်ရဟန်းရှင်လူတွေလိုချင် တဲ့ ပေါင်းစည်းရေးကို လုပ်နိုင်ခဲ့ပြီလို့ မွန်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ နိုင်လယီတမက RFA ကို ပြောပါတယ်။

"မွန်တစ်ပါတီဖြစ်ရေးကတော့ မွန် ရဟန်းရှင်လူ ပြည်သူတရပ်လုံးရဲ့ ဆန္ဒအပေါ်မှာ အလေးအနက်ထားပြီးတော့ ကျနော်တို့ အကောင်အထည်ဖော်ခဲ့တာပါ၊ မွန်တစ်ပါတီဖြစ်သွားပြီဆိုလို့ရှိရင် ကျနော်တို့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကြုံဆုံလာခဲ့တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ပြီးတော့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကျနော်တို့ ၂ဝ၁၅ ထက်ကို ထူးခြားတဲ့ရလဒ်တွေ ရလာနိုင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်မိပါတယ်"

မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတွေဟာ ပါတီပေါင်းစည်းရေးအတွက် ၂၀၁၃ ခုနှစ်လောက်ကတည်းက စတင်ဆောင်ရွက်လာတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါတီနှစ်ခု မပေါင်းစည်းနိုင်တာခဲ့တာကြောင့် မွန်ပါတီတွေဟာ နေရာအတော် များများမှာ ရှုံးနိမ့်ခဲ့ပါတယ်။ မွန်တစ်ပါတီတည်း ဖြစ်မြောက်ရေးအတွက် လိုလားတဲ့ မွန်သံဃာတော်တွေ၊ လူငယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေက မွန်နိုင်ငံရေး ညီလာခံပြုလုပ်ပြီး မွန်အမျိုးသားကိုယ်စားပြုပါတီ ဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီနေ့မှာတော့ မွန်နှစ်ပါတီနဲ့ မွန်အမျိုးသားကိုယ်စားပြု ပါတီဖြစ်မြောက်ရေး နိုင်ငံရေးအင်အားစုတို့ဟာ ပါတီပေါင်း စည်းရေး လက်မှတ်ရေထိုးပွဲ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။

မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုမယ့် မွန်ပါတီကို တစ်လအတွင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် မှာဖြစ်ပြီး ပါတီကို ဗဟိုကော်မတီဝင် ၁၂၀ နဲ့ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org