ရေးမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅၀၀၀ တိမ်းရှောင်နေရကြောင်း KNU ထုတ်ပြန်

ရေးမြို့နယ်က KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။

KNU - တပ်မဟာ (၆) တပ်ရင်း (၁၆) သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များအား တွေ့ရစဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

မွန်ပြည်နယ် ရေးမြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်တင်းမှု တွေလုပ်နေတာကြောင့် စစ်ရေးတင်းမာနေပြီး အရပ်သား ၁၅၀၀၀ ကျော် ထွက်ပြေးနေရ တယ်လို့ စက်တင်ဘာလ ၁၆ ရက်မှာ KNU က ထုတ်ပြန်ပါတယ်။

ကျိုက်ထိုအခြေစိုက် ခြေမြန်တပ်မ ၄၄ လက်အောက်ခံ မြေလျင်တပ်ရင်း - ၂ နဲ့ အမြောက် တပ် ၃၁၈၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်း ၁၀၂၁ နဲ့ နယ်ခြားစောင့်တပ်နယ် ၃ က အင်အား ၁၀၀ နီးပါးဟာ KNLA တပ်ရင်း ၁၆ ရှိတဲ့ ဒေသတွေ ကို ထိုးစစ်ဆင်လာတဲ့အတွက် စက်တင်ဘာလ ၁၄ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Mi- 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် KNLA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၁၅ ရက်မှာလည်း နယ်ခြားစောင့်တပ်ရင်း ၃ က နောက်ထပ် တပ်သား အင်အား ၁၀၀ ထပ်မံအင်အားဖြည့်တင်းလာတာကြောင့် နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီစစ်ကြောင်းထိုးမှုအတွင်း ဒေသခံ ၁၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး ရေးမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတာ၊တောင်ကျရေ စီးဆင်းမှုကြမ်းတာတွေ ကြောင့် အမိုးအကာနဲ့ နေစရာအခက်အခဲတွေရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org