မွန်ပြည်နယ်မှာ ပထမဆုံးပုဂ္ဂလိက သတင်းဂျာနယ် စတင်ဖြန့်ချိ
မွန်ပြည်နယ်မှာ ပထမဆုံးပုဂ္ဂလိက သတင်းဂျာနယ် တစ်စောင်အဖြစ် မွန်ပြည်နယ်အတွင်းက သတင်းတွေကို ဦးစားပေး ရေးသားဖော်ပြမယ့် သံလွင်တိုင်းမ်စ် ဂျာနယ်ကို မြန်မာဘာသာနဲ့ ဒီကနေ့ စတင်ဖြန့်ချိ ထုတ်ဝေလိုက်ပြီလို့ သိရပါတယ်။
-
2012-05-07 -
-
-
ဒေသတွင်း ဖြစ်ပေါ်ပြောင်းလဲနေတာတွေကို ပြည်သူတွေသိရှိနိုင်ဖို့ ရည်ရွယ်ပြီး ဒီဂျာနယ် ထုတ်ဝေနိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက စာပေစီစစ်ရေးထံ တင်ပြခဲ့ပြီးနောက် ထုတ်ဝေခွင့်ရရှိတဲ့အတွက် ဒီကနေ့ စတင်ဖြန့်ဝေလိုက်တာ ဖြစ်တယ်လို့ ဂျာနယ်စီမံခန့်ခွဲရေးမှူး အယ်ဒီတာ နိုင်မင်းမင်းနွယ် ကအခုလို ပြောပါတယ်။
"ဒေသတွင်းမှာ မရှိဘူးလေ၊ ဂျာနယ်တွေက ရန်ကုန်နဲ့ မန္တလေးကလွဲရင် ထုတ်ခွင့်မှ မရှိတာ၊ ဘယ်သူမှလည်း မထုတ်ဘူးဆိုတော့ ကျွန်တော်တို့ ဒီဒေသမှာ ဒါတွေ လိုအပ်တယ်ဆိုပြီးတော့ ကျွန်တော်တို့က ဝါသနာချင်းလည်းတူတယ်၊ ဆန္ဒချင်းလည်းတူတဲ့ လူ ၉ ဦးကနေ စပြီးတော့ ထုတ်လိုက်တယ်ခင်ဗျ။ အဓိက က မွန်ပြည်နယ်ရယ်၊ ကရင်ပြည်နယ်ရယ်၊ တနင်္သာရီတိုင်းရယ်ကို အဓိကထားပြီး ဖြန့်မယ်။ နောက်ပြီးတော့ ဗမာပြည် တစ်ပြည်လုံးကို ကျွန်တော်တို့ ဆက်ဖြန့်ပေးမယ်"
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အခြေစိုက်မယ့် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာချူပ်နဲ့ ထုတ်ဝေသူဟာ မွန်ပြည်သစ်ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူးဟောင်း နိုင်ချမ်းသွဲ့ဖြစ်ပြီး အယ်ဒီတာအဖွဲ့ဝင်တွေကတော့ နိုင်မင်းမင်းနွယ်၊ နိုင်ဇေ၊ နိုင်ရာဇာနဲ့ နိုင်အောင်ထူးတို့ ဖြစ်ပြီး သံလွင်တိုင်းမ် ဂျာနယ် ထုတ်ဝေရတာနဲ့ ပတ်သက်လို့ နိုင်မင်းမင်းနွယ်က အခုလို ဆက်ပြောပါတယ်။
"မြို့တော်ကြီးမှာ ထုတ်နေတဲ့ ဂျာနယ်တွေ အများစုဟာ ဒေသသတင်းတွေက ဦးစားပေး ဖော်ပြခြင်း မခံရဘူးလေ။ အဲဒါ ဒီနေရာမှာ ကျွန်တော်တို့က အဓိက ဒေသသတင်းတွေကို အသားပေးပြီးတော့ ဖော်ပြဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နည်းပညာတို့ ကဏ္ဍတော့ နည်းနည်းစုံစုံလေး ကျွန်တော်တို့ ထည့်ထားတယ်ခင်ဗျ။ လောလောဆယ် စာပေစီစစ်ရေး ခွင့်ပြုချက်အရကတော့ ၂၈ မျက်နှာပဲ သတင်းတွေ၊ ဆောင်းပါးတွေ သတ်မှတ်ထားပေးတယ်"
သံလွင်တိုင်းမ် ဂျာနယ်မှာ သတင်း ဆောင်းပါးတွေအပြင် ကြော်ငြာအပါအဝင် စာမျက်နှာ ၃၂ မျက်နှာပါရှိပြီး ဂျာနယ်တစ်စောင်ကို ကျပ် ၅၀၀ နှုန်းနဲ့ ဂျာနယ်စောင်ရေ သုံးထောင် ဒီကနေ့ စတင်ထုတ်ဝေလိုက်ကြောင်း ပြောပါတယ်။