မွန်ပြည်နယ်လုံခြုံရေး ဆွေးနွေး


2017.09.09
winnaingoo-mon-622 မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ လူမျိုးရေး ဘာသာရေးနဲ့မဆိုင်ဘဲ အားလုံးအတွက်ဖြစ်ပြီး ဘက်လိုက်မှုတွေ မရှိကြဖို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ မွန်ပြည်နယ်တွင်း လုံခြုံရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲမှာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသွားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက် သမားတွေဟာ  ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့ကြီးတွေမှာ ဆူပူအကြမ်းမှုတွေ ဖောက်ခွဲမှုပြုလုပ်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မွန်ပြည်နယ်အတွင်း လုံခြုံရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးအတွက် ဘာသာကြီးလေးခုက ခေါင်းဆောင်တွေပါ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်အတွင်းမှာ မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်တွေ၊ လုပ်ဆောင်ချက်တွေ၊ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ စုဆောင်း တာ၊ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေ တွေ့ရှိခဲ့ရင် နီးစပ်ရာအုပ်ချုပ်ရေးမှူးတွေထံ အကြောင်းကြားဖို့၊ အကြမ်းဖက်ခြိမ်းခြောက်သတင်းတွေကို အမြတ်ထုတ်ပြီး လူမျိုးရေးဘာသာရေး အဓိကရုဏ်းဖြစ်ပေါ် လာစေဖို့ သွေးထိုး လှုံ့ဆော်တာတွေ တေ့ွရှိခဲ့ရင်အကြောင်းကြားဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက စာထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။

ဆွေးနွေးပွဲကို မွန်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် အကြမ်းဖက် သမားတွေက လုပ်ဆောင်နိုင်တဲ့အတွက် လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရက တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေထံ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။