လက်နက်ကြီးကြောင့် ဘီးလင်းက ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ
ဘီးလင်း မိချောင်းအိုင်ရွာ ဘုန်းတော်ကြီးကျောင်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
-
RFA Burmese
2023-02-13 -
-
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် မိချောင်းအိုင်ရွာ ဘုန်းတော်ကြီးကျောင်းထဲကို ဖေဖော်ဝါရီလ ၁၁ ရက်ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ ဘုန်းကြီးကျောင်းသိမ်ကို ထိမှန်ခဲ့တာလို့ ဘီးလင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ (စစ်ကောင်စီတပ်) ပစ်လိုက်တာ ဘုန်းကြီးကျောင်းသိမ်ထဲကို လက်နက်ကြီး တစ်လုံးကျတော့ သိမ်ပျက်စီးသွားတယ်။ ၁၂၀ မမတွေနဲ့ ပစ်တာ။ ထိခိုက်ဒဏ်ရာရတဲ့ ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါးကတော့ ဆေးကုသမှုခံယူနေရတယ်။ လက်နက်ကြီးတွေ ကတော့ အဲဒီလို မကြခဏရွာထဲကို ပစ်တယ်။ တခြားရွာတွေကိုလည်း ပစ်တယ်"
လက်နက်ကြီးကျည်ကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင် ရှင်တေဝံသ၊ သက်တော် ၅၆ နှစ်အရွယ် ဦးသောမနနဲ့ သက်တော် ၇၁ နှစ်အရွယ် ဦးပဏ္ဍတိတတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ တာပါ။
မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးတိုးဝင်းကတော့ ဒီဖြစ်စဉ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
RFA ရဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေ အပါအဝင် ဒေသခံ ၂၁၈ ဦးသေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။