မုန်းမြို့ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၁၆၀၀ နီးပါး ထွက်ပြေးရ

မုန်းမြို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် နေအိမ် ၁၂ လုံး မီးရှို့ခံရပြီး အရပ်သား ၁၆၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ပဲခူးတိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ မုန်းမြို့မှ နေအိမ်အချို့မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ မုန်းမြို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် နေအိမ် ၁၂ လုံး မီးရှို့ခံရပြီး အရပ်သား ၁၆၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က စက်တင်ဘာလ ၁၈ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့မှာ စက်တင်ဘာလ ၁၄ ရက်က စလို့ စစ်ကျောင်းထိုးနေတာကြောင့် ရေလဲကရင်ရွာနဲ့ ရေလဲဗမာရွာက လူဦးရေ ၁၅၃၄ ဦး ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

မိုးတွင်းကာလ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဒုက္ခသည်တွေဟာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အခက်အခဲရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ ၃ နယ်မြေအတွင်း ထိုးစစ်ဆင်နေပြီး လက်နက်ကြီး နဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၁၈ ရက် ဒီကနေ့အထိ ပဲခူးတိုင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဆယ် ဦးသေဆုံးပြီး ၉၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းမှာ ပဋိပက္ခတွေကြောင့် အရပ်သား တစ်သိန်းတစ်သောင်းကျော်( ၁၁၁,၀၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org