Money Changer ကုမ္ပဏီ ၂၀ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရ

Money Changer ကုမ္ပဏီ ၂၀ ကို လုပ်ငန်းလိုင်စင် ပြန်ရုပ်သိမ်းလိုက်တယ်လို့ သတင်းစာတွေမှာ မတ်လ ၁၇ ရက်နေ့မှာ ဖော်ပြပါတယ်။

ရန်ကုန်မြို့ရှိ Money Changer တစ်ခုမှ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေအချို့ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ Money Changer ကုမ္ပဏီ ၂၀ ကို ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိလို့ လုပ်ငန်းလိုင်စင် ပြန်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ မတ်လ ၁၇ ရက်နေ့မှာ ဖော်ပြပါတယ်။

အဲဒီကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခွင့်တွေ အားလုံးကို ရုပ်သိမ်း လိုက်တာလို့ ကုမ္ပဏီ နာမည်တွေနဲ့တကွ ဖော်ပြလာတာပါ။

လိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေအနေနဲ့ Oake Khaung Travel၊ Senjo Royal Myanmar၊ Dawei Popular၊ Zam Myo၊ Phyo Thet (PT)၊ Sky Bound၊ Myanmar MCG Corporation၊ Htwe and Htwe Family၊ Won Won၊ United Eleven၊ Myanmar Alinkar Hotel Group၊ Cartel၊ Super Phoneix၊ Golden Falcon Shipping၊ Fairness Travels & Tours၊ Yadanar Bon Travels & Tours၊ Myanmar National Airlines၊ Dewant Financial Loan Microfinance၊ Treasure Su ကုမ္ပဏီတို့ပဲ ဖြစ်ပါတယ်။

လိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်မျဉ်း ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိလို့ ပိတ်သိမ်းခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"အဓိကကတော့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု၊ စဉ်းမျဉ်းညွှန်ကြားချက်တွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ မဆောင်ရွက်လို့ လိုင်စင်ပိတ်သိမ်းခံရတာ ဖြစ်နိုင်ပါတယ်။ တိတိကျကျဆိုရင်တော့ ဗဟိုဘဏ်က ပိုသိမှာပါ"

အဲဒီ ကုမ္ပဏီတွေကို ဘာကြောင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားသလို ကုမ္ပဏီတွေဘက်ကလည်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း တိုင်းပြည်စီးပွားရေး မတည်ငြိမ်မှု ကြောင့် နိုင်ငံခြားငွေတန်ဖိုး အဆမတန် မြင့်တတ်လာတာနဲ့ ဈေးနှုန်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ ငွေသားပြတ်လပ်ခြင်း၊ အမေရိကန်ဒေါ်လာကဲ့သို့ အခရာကျသည့်ငွေများနဲ့ နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး အလျင်အမြန်ကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် ငွေလဲနှုန်းကို နှုန်းရှင်နဲ့ စီမံမျှောထားခြင်းကို ဖျက်သိမ်းခြင်းနဲ့ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးများ ဝယ်ယူမှုအပေါ် စည်းကမ်းတင်းကျပ်ခြင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org