မိုးမိတ် တိုက်ပွဲအတွင်း အရပ်သား လေးဆယ်နီးပါး သေဆုံး
မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား လေးဆယ်နီးပါး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2024-01-24 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေကြား လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား လေးဆယ်နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့ပေါ်မှာ ဇန်နဝါရီ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးမိတ် မြို့မရဲစခန်းနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့တာပါ။
စစ်ကောင်စီဘက်ကလည်း လူနေရပ်ကွက်တွေပါမကျန် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တာကြောင့် မိုးမိတ်မြို့မဈေးတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား သေဆုံးထိခိုက်မှုလည်း များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ မိုးမိတ်မြို့ တောင်ပိုင်းရပ်ကွက်က အများဆုံးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
“ရပ်ကွက်အလိုက် သေတဲ့သူ အရေအတွက်ကိုတော့ ကျွန်တော်တို့ ပြောလို့ မရသေးဘူးခင်ဗျ။ သေချာတာကတော့ တောင်ပိုင်းရပ်ကွက်က သေတာ အများဆုံးပဲ။ ပြီးတော့ လက်ခုပ်တန်းရပ်ကွက်ကလည်း များတယ်။ ဟော်နန်းဘက်ကလည်း ပါတယ်။ အခုက အားလုံးကို ခန့်မှန်းပြောနိုင်တာက သေသူ လေးဆယ် နီးပါးရှိပြီပေါ့နော်။ အဲဒါ အားလုံး အရပ်သားတွေပေါ့”
တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၂ဝ ရက်နေ့က မြို့ကိုစွန့်ခွာထွက်ပြေးသွားတဲ့ မြို့ခံ တစ်ဦးကတော့ မြို့လယ် တိုက်ပွဲတွေကြားမှာ အရပ်သားတွေအပြင် စစ်ကောင်စီ တပ်သားတွေပါ သေဆုံးနေတာကို ကိုယ်တိုင်မြင်ခဲ့ရသလို စာရင်းတချို့လည်း ရထားတယ်လို့ RFA ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။
“ကျွန်တော်တို့ ထွက်လာတဲ့အထိ ကိုယ်တိုင်မြင်ခဲ့တာက အရပ်သား လေးယောက် သေနေတာ တွေ့ခဲ့တယ်။ ပြီးတော့ စစ်မှူထမ်းတစ်ယောက်နဲ့ စစ်တပ်ဘက်က ခုနစ်ယောက်လောက် သေနေတာ အတည်ပြုလို့ရတယ်ဗျ။ အခုမြို့ထဲမှာက ဘယ်လိုဖြစ်ပြီး ကျန်ခဲ့တယ်ဆိုတာကိုတော့ ဖုန်းလိုင်းမရလို့ မသိတော့ဘူး”
ဒဏ်ရာရသူ အနည်းဆုံး ဆယ်ဦးကျော်ရှိပြီး သူတို့ကို နီးစပ်ရာ ကျေးရွာဆေးခန်းတွေမှာပဲ ဖြစ်သလို ဆေးကုသပေးနေရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့လယ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေ၊ မြို့တောင်ဘက်ခြမ်းက နေအိမ်တွေ၊ ရဲစခန်းအနီးက နေအိမ်တွေနဲ့ မြို့မဈေး တစ်ခုလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘုန်းကြီးကျောင်းအချို့လည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း တို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလိုင်း အခက်အခဲကြောင့် မြေပြင်အခြေအနေကို တိတိကျကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့မှာ အခုလ ၂၂ ရက်နေ့ကစပြီး ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ပြတ်တောက်နေပါတယ်။ လက်ရှိမှာ မိုးမိတ်မြို့တစ်မြို့လုံးကို KIA က ထိန်းချုပ်ထားပါတယ်။ တိုက်ပွဲကြောင့် မြို့ပေါ် လူဦးရေ တစ်သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။