မိုးမိတ်မှာ တပ်နဲ့ တအာင်းတိုက်ပွဲကြောင့် ရွာလုံးကျွတ်ပြေး
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တပ်တွေ တိုက်ပွဲဖြစ်လို့ ရွာသားတွေ ထွက်ပြေးနေရပါတယ်။
-
ကံသာ
2020-03-12 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ မတ် ၁၀ ရက်နေ့ မနက်ပိုင်း ဆယ်နာရီလောက် က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တိုက်ပွဲဖြစ်ပွားလို့ ရွာသားနှစ်ရာကျော် နေရပ် စွန့်ခွာထွက်ပြေးနေရပါတယ်။ ထွက်ပြေးနေရသူတွေဟာ ရွှေညောင်ပင်ရွာနဲ့ သဲလိန်ရွာသားတွေပါ။
ရွှေညောင်ပင်ရွာကနေ ပြန်ထွက်လာတဲ့ TNLA တပ်တွေနဲ့ ရွာထဲဝင်လာတဲ့ မိုးမိတ်အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံတပ်တွေ တိုက်ပွဲဖြစ်တာလို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ မတ် ၁၂ ရက်နေ့မှာ ပြောပါတယ်။ တိုက်ပွဲပြင်းထန်လာလို့ ထွက်ပြေးခဲ့ကြတာလို့ ရွှေညောင်ပင်ရွာခံ ဒေါ်ငြိမ်းဆာ က ပြောပါတယ်။
တိုက်ပွဲကြောင့်အနီးက သဲလိန်ရွာသားတွေလည်း မိုးမိတ်မြို့နယ် လွယ်ဆာရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးနေ ရပါတယ်။ ဘုန်းကြီးကျောင်းကို ရောက်ရှိလာသူ ၁၁၅ ယောက်ရှိတယ်လို့ ထွက်ပြေးလာသူတွေကို အကူအညီပေး နေတဲ့ လွယ်ဆာရွာက ပရဟိတအဖွဲ့ဝင် ကိုကျော်နိုင်ဝင်း က ပြောပါတယ်။
မနေ့ကတော့ ရွာမှာကျန်ခဲ့တဲ့ အမျိုးသားအယောက်နှစ်ဆယ်ကို တပ်မတော်က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး ခဲ့သလို တပ်မတော်ရဲ့ လမ်းပြအဖြစ်ခေါ်သွားခံရတဲ့ ပလောင်နဲ့ လီဆူတိုင်းရင်းသား နှစ်ယောက်ကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ထွက်ပြေးလာကြတဲ့ဒေသခံတွေအတွက် စားစရာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကိုကျော်နိုင်ဝင်း က ပြောပါတယ်။
ရွာအနီးက TNLA တပ်တွေ ပြန်ဆုတ်ခွာသွားပြီး ဖြစ်ပေမယ့် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးအတွက် စစ်ကားနှစ်စီးနဲ့ အင်အားတွေထပ်ဖြည့်ထားလို့ ဒေသခံတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
တပ်မတော်ဘက်က ထိုးစစ်တွေကြောင့် တိုက်ပွဲဖြစ်တာလို့ TNLA က အဲဒီနေ့က သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီရက်ပိုင်းမှာ TNLA နဲ့ တိုက်ပွဲမရှိဘူးလို့ ဒီနေ့မနက်က ပြောပါတယ်။
ရွှေညောင်ပင်ကျေးရွာအုပ်စုမှာ တရုတ်ရွာ၊ ပလောင်ရွာ၊ လီဆူရွာ ဆိုပြီးရှိတာပါ။ ၂၀၁၄ ခုနှစ်တုန်းကလည်း ရွှေညောင်ပင်ရွာအနီး တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်လို့ တရုတ်ရွာက အမျိုးသားတစ်ယောက် သေဆုံး ခဲ့တဲ့အပြင် လီဆူရွာက ရွာသားတချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက RFA ကို ပြောပါတယ်။