လယ်ယာမြေသိမ်းဆည်းခံရမှု စောင့်ကြည့် ပံ့ပိုးရေးကော်မတီဖွဲ့စည်း
ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်း လယ်ယာမြေအသိမ်းခံရတဲ့ ကာယကံရှင် လယ်သမားကြီးတွေနဲ့ လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတွေက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုင်ရာ စောင့်ကြည့် ပံ့ပိုးရေးကော်မတီတွေ ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။
-
2012-09-16 -
-
-
အခုလိုကော်မတီတွေ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး လယ်သမားအရေး ဆောင်ရွက်သူ တစ်ဦးဖြစ်တဲ့ ကိုရဲထင်ကျော်က အခုလို ပြောပြပါတယ်။
"စုံစမ်းစစ်ဆေးရေး ကော်မရှင်လာရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးမယ့် ကိစ္စတွေပေါ့နော်။ အဲဒါတွေအပေါ်မှာ သူတို့အနေနဲ့ တတ်နိုင်သမျှ အချက်အလက်တွေ စုံသမျှစုံအောင် သူတို့ပေးသွားမယ်၊ ပံပိုးပေးမယ်။ ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးမှုကို ဘယ်လို လုပ်လဲပေါ့နော်။ ဒီပန်းတောင်းမြို့နယ်ကို လာစစ်တယ်ဆိုရင် ပန်းတောင်းမြို့နယ်မှာ ဘယ်လိုပုံစံနဲ့စစ်ဆေးလဲပေါ့။ တခြား ကျွန်တော်တို့မြို့နယ်တွေမှာလည်း ဘယ်လိုပုံစံနဲ့ စစ်ဆေးလဲပေါ့။ ဒါတွေကို ကျွန်တော်တို့က ချိန်ဆမှာပါ။ နောက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့လည်း ဒီစုံစမ်းစစ်ဆေးမှုကို ပွင့်လင်းမြင်သာမှုရှိရှိ စစ်ဆေးနိုင်မလားပေါ့နော်။ ဒါတွေကို ကျွန်တော်တို့က စောင့်ကြည့်မယ်"
ဒီကော်မတီတွေကို ပန်းတောင်းမြို့နယ်မှာ စတင် ဖွဲ့စည်းခြင်းဖြစ်ပြီး ကျေးရွာအုပ်စု တစ်ခုအတွက် လူထု ယုံကြည်ကိုးစားတဲ့ ပုဂ္ဂိုလ်ဆယ်ဦးနဲ့ဖွဲ့စည်းတာ ဖြစ်ပါတယ်။
လောလောဆယ်အားဖြင့် ပန်းတောင်းမြို့နယ်အတွင်း ကွင်းလှ၊ ဒေါင်းတိုက်၊ ဘူးဘက်၊ ရပ်သာနဲ့ရွာထောင် အပါအဝင် ကျေးရွာအုပ်စု ခြောက်ခုမှာ ကော်မတီတွေ ဖွဲ့စည်းပြီးပြီလို့သိရပါတယ်။