မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့ ၈၈ အဖွဲ့တို့ စစ်တွေမြို့ရောက်ရှိ

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဖို့အတွက် တပည့် သံဃာတော် (၃) ပါးနဲ့အတူ ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနှင့် သံဃာတော်များ မန္တလေး မဟာမြတ်မုနိဘုရား၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ်။ RFA

ဆရာတော်ဟာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် ခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကို အားပေးစကားပြောဖို့နဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သွားရောက် လှူဒါန်းသွားဖို့ရှိပြီး ပဋိပက္ခအတွင်း သေဆုံးသွားခဲ့ကြတဲ့ သူတွေကို ရည်စူးပြီးတော့ ရေစက်ချ အမျှဝေကာ အလှူအတန်းတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ RFA ကို မိန့်ကြားပါတယ်။

ဆရာတော် ဦးဝီရသူဟာ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ သီတင်းသုံးလျှက် ရှိနေပြီး ရခိုင်ပြည်နယ်မှာ သီတင်းတစ်ပတ် ကြာမယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဦးကိုကိုကြီး (စမ်းချောင်း)၊ ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်းနဲ့ မမီးမီးတို့ စစ်တွေမြို့ကို မနေ့က နေ့လည်ပိုင်းမှာ ရောက်ရှိသွားပြီး ဒီနေ့ မနက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် စစ်တွေမြို့ကို ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်မှာ ဖြစ်တဲ့အတွက် အစီအစဉ်တွေ ကြိုတင်ရေးဆွဲဖို့ ဦးကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့က စစ်တွေမြို့ကို ဦးစွာရောက်ရှိနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org