ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး နှုတ်ထွက်ပေးရေး မုံရွာမှာ ဆန္ဒပြ
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကရပ်ဆိုင်းပေးဖို့ ဒေသခံ ၅၀ ခန့်က ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
-
2014-11-22 -
-
-
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကရပ် ဆိုင်းပေးဖို့ ဒေသခံ ၅၀ ခန့်က ဒီကနေ့ ဆန္ဒဖော် ထုတ်ခဲ့ကြပါတယ်။
ဦးတင်အေးဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်စဉ်တုန်းက ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး ဖြစ်ခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကိုသန်းထိုက်ဦးက ပြောပါတယ်။
"နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၇) အရ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ခန့်အပ်မယ် ဆိုရင် နိုင်ငံရေးပါတီဝင် မဖြစ်ရဘူး၊ လွှတ်တော် ကိုယ်စားလှယ် မဖြစ်ရဘူးလို့ပါတယ်၊ ဦးတင်အေးကို ခန့်အပ်တဲ့အချိန်တုန်းက ဦးတင်အေး သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်နေတဲ့အချိန် ဖြစ်နေတယ်လို့ ကျနော်တို့ကယူဆတယ်၊ အဲ့ဒီလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြဌာန်းချက်တစ်ရပ်ကို ချိုးဖောက်ဆိုရင် ပြစ်တင်စွပ်စွဲပြီးတော့ ဖြုတ်ချလို့ရ တယ်ဆိုတော့ ဦးတင်အေးကို ပုဒ်မ ၄ဝဝ ပုဒ်မခွဲငယ် (၂) အရ ဖြုတ်ချလို့ရတယ်လို့ ကျနော်တို့ သုံးသပ်ထား ပါတယ်"
ဒါ့အပြင် ပြည်သူယုံကြည်လေးစားတဲ့ ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပေးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲ ကို အချိန်မှန်ကျင်းပပေးဖို့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပြင်ဆင်ပေးဖို့စတဲ့ အချက် ၄ ချက် ကို တောင်းဆိုခဲ့ကြပါတယ်။
အလားတူ ဆန္ဒထုတ်ဖော်ပွဲတစ်ခုကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းမြို့မှာ ပြုလုပ် ခဲ့ကြပါတယ်။